စီးရီးအေ အင်အားကြီးအသင်းတစ်သင်း ဖြစ်တဲ့ အင်တာမီလန်အသင်းဟာ စပိန်ကလပ် ဘာစီလိုနာအသင်းရဲ့ အဓိကတိုက်စစ်မှူး မက်ဆီကို ခေါ်ယူနိုင်စွမ်းရှိတယ်လို့ အင်တာ အသင်းရဲ့ ကွင်းလယ်လူဟောင်း တစ်ဦးဖြစ်တဲ့ ကူယက်က ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ခြောက်ကြိမ် အထိ ရရှိထားခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာတဲ့အချိန်မှာ သူ့အနေနဲ့ အင်တာမီလန်အသင်းထံကို ပြောင်းရွှေ့ချင်တယ်လို့ ဖွင့်ဟ ဝန်ခံထားသူ ဖြစ်ပြီး လတ်တလောမှာတော့ အင်တာမီလန်အသင်း ဟာ မက်ဆီကို ခေါ်ယူဖို့အတွက် စတင် ကြိုးပမ်း နေကြောင်း အီတလီ သတင်းထောက်တွေက ရေးသား ဖော်ပြထားကြပါတယ်။

Photo Credit: Standard.com

အင်တာမီလန်အသင်းရဲ့ ဥက္ကဌဟောင်း တစ်ဦး ဖြစ်သူ မိုရက်တီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မက်ဆီကို အင်တာမီလန်အသင်းက ခေါ်ယူလိုတဲ့ အိမ်မက်ဟာ စိတ်ကူးယဉ်ဆန်တဲ့ အိမ်မက် တစ်ခု မဟုတ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့အပြီးမှာ အင်တာမီလန်အသင်းနဲ့ မက်ဆီရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ ပိုမို ကျယ်ပြန့်လာခဲ့တာ ဖြစ်ပြီး မက်ဆီအနေနဲ့ ဇူလိုင်လ ၁ရက်နေ့တိုင်း မှာ ဘာစီလိုနာအသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်တာကြောင့် အင်တာမီလန်အသင်းထံကို မက်ဆီ ပြောင်းရွှေ့သွားမလားဆိုတာက စိတ်ဝင်စားစရာပါ။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေ ကြားမှာလည်း သဘောထားကွဲလွဲမှုတွေ ဖြစ်နေကြောင်း သိရှိထားရပြီး မက်ဆီအနေနဲ့ အသင်းတွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်နေတဲ့ အနေအထားတွေကို စိတ်ပျက်နေကြောင်း သိရကာ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့ဖို့ အတွက် စဉ်းစားနိုင်တယ်လို့ ဘာစီလိုနာ အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟထားပါတယ်။

Photo Credit: Standard.com

ကူယက်ကတော့ မက်ဆီကို အင်တာမီလန် အသင်းက ခေါ်ယူနိုင်ကြောင်းနဲ့ ခေါ်ယူဖို့လည်း ကမ်းလှမ်းနိုင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ကူယက်က ” ဒါပေါ့။ အင်တာမီလန်အသင်းက မက်ဆီကို ခေါ်ယူနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် သူတို့က မက်ဆီကို ကမ်းလှမ်းခဲ့ပြီးတာတောင် ဖြစ်နိုင်ပါတယ်။ လက်ရှိအသင်းရဲ့ ဥက္ကဌကျန်း ဟာ အသင်းရဲ့ဘဏ္ဏာရေးအင်အား တောင့်တင်းမှုကို အာရုံစိုက်ထားသူဖြစ်ပြီး သူ​က မြင့်မားတဲ့ ရည်မှန်းချက်တွေကို ထားတဲ့ လူ ပါ ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ အသက်၃၂နှစ်အရွယ် မက်ဆီဟာ လက်ရှိဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် လာလီဂါပွဲစဉ် ၂၂ပွဲ ပါဝင် ကစားပေးထားရာမှာ ၁၉ဂိုး သွင်းယူထားပြီး ၁၂ဂိုး ဖန်တီးပေးထားနိုင်သူပါ။