ရပ်နားထားတာကြာပြီဖြစ်တဲ့ အီတလီစီးရီးအေပွဲစဉ်တွေကို မနေ့ကပဲ ပြန်လည်စတင်နိုင်ခဲ့ပြီး ဒီကနေ့ တနင်္ဂနွေနေ့ညမှာလည်း စီးရီးအေပွဲစဉ်(၂၅)အဖြစ် အမှတ်ပေးဇယား အထက်ပိုင်းနားမှာ ရပ်တည်လို့နေတဲ့ အင်တာမီလန်အသင်းနဲ့ တန်းဆင်းဇုန်းနားကပ်နေတဲ့ ဆမ်ဒိုရီးယားအသင်းတို့ ရင်ဆိုင်ကစားခဲ့ရာ အိမ်ရှင်အင်တာတို့က (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

၃-၄-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ အင်တာမီလန်အသင်းမှာ လူကာကူ မာတီနက်ဇ် အဲရစ်ဆင် အက်ရှ်လေယန်း ဘာရယ်လာ ကန်ဒရီဗာ ဂတ်လီယာဒီနီ ဒီဗရစ်ချ် ရှကရီညာ ဘတ်စ်တိုနီနဲ့ ဟန်ဒါနိုဗစ်တို့ ပါဝင်ထားခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး အင်တာတို့ ဆမ်ဒိုရီးယားကို စိတ်တိုင်းကျဖိအားပေးကစားသွားခဲ့ပြီး သွင်းဂိုးတွေကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲကစားချိန်(၁၀)မိနစ်မှာပဲ လူကာကူ အဲရစ်ဆင်တို့ရဲ့ အချိတ်အဆက်ကနေ လူကာကူက အဖွင့်ဂိုးကို စတင်သွင်းယူခဲ့ပြီး (၃၃)မိနစ်မှာ ကန်ဒရီဗာ အသာအယာချပေးလိုက်တာကို မာတီနက်ဇ်က ဒုတိယဂိုးအဖြစ် ထပ်မံသွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်း ပြန်လည်စတင်ပြီး (၅၃)မိနစ်အရောက်မှာပဲ ဧည့်သည်တို့ ချေပဂိုးပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။ ထောင့်ကန်ဘောကနေ ဆမ်ဒိုရီးယား ကစားသမားခေါင်းတိုက်ချက် တိုင်ထိထွက်လာတာကို ချက်ချင်းမရှင်းထုတ်ခြင်းမရှိတဲ့ အင်တာကစားသမားတွေကြောင့် တိုစ်ဘီက ချေပဂိုးသွင်းဖို့ အခွင့်အရေးရသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာက နောက်ထပ်ချေပဂိုးထပ်မပေးရအောင် ထိန်းချုပ်ကစားသွားရင် အနိုင်ရလဒ်ကို ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။