ပြီးခဲ့တဲ့ပွဲစဉ်တုန်းက ပါးမားအသင်းကို အရေးနိမ့်ရတော့မလိုဖြစ်ပြီးခါနီး ပွဲပြီးခါနီးမှာ သွင်းယူခဲ့တဲ့ဂိုးတွေနဲ့ နိုင်ပွဲရခဲ့တဲ့ အင်တာမီလန်အသင်းဟာ ဒီနေ့ညမှာတော့ အမှတ်ပေးဇယားရဲ့အောက်ဆုံးက ဘရက်စီယာအသင်းနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်တွေ့ဆုံခဲ့ပြီး အဓိက ကစားသမားတွေ မပါဝင်ခဲ့တာတောင် ဘရက်စီယာကို (၆)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်အနိုင်ယူသွားခဲ့ပါတယ်။

အင်တာက အသင်းရဲ့အမာခံကစားသမားတွေဖြစ်တဲ့ လူကာကူ အဲရစ်ဆင် ကန်ဒရီဗာတို့ကို လူစာရင်းကနေ ချန်လှန်ထားပြီး မာတီနက်ဇ် ဆန်းချက် အက်ရှ်လေယန်း ဘာရယ်လာ ဗာလီရို မော့ဆက်စ် ဂတ်လီယာဒီနီ အမ်ဘရိုစီယို ဒီဗရစ် ဘက်စ်တိုနီ ဟန်ဒါနိုဗစ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ စီးရီးအေရဲ့ အင်အားအနည်းဆုံးအသင်းဖြစ်တဲ့ ဘရက်စီယာကို အိမ်ကွင်းမှာ ဧည့်ခံကစားရတဲ့ အင်တာဟာ ပွဲအစ(၅)မိနစ်မှာ သွင်းဂိုးစတင်ပိုင်ဆိုင်ခဲ့ပြီး ဆန်းချက်ဇ်ရဲ့ညာခြမ်းက ဖြတ်တင်ပေးတာကို ယန်းက ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ မိနစ်(၂၀)မှာလည်း ရရှိလာတဲ့ ပင်နယ်တီကို ဆန်းချက်ဇ်က အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့သလို ပထမပိုင်းပြီးခါနီးမှာလည်း အမ်ဘရိုစီယိုက တတိယဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။

ပထမပိုင်းတစ်ပိုင်းလုံးမှာ သွင်းဂိုး(၃)ဂိုးအထိ ရရှိခဲ့တဲ့ အင်တာဟာ ဒုတိယပိုင်းအစမှာလည်း ဆန်းချက်ဇ်ရဲ့ဖရီးကစ်ကန်ချက်ကနေ ဂတ်လီယာဒီနီ ခေါင်းတိုက်သွင်းယူခဲ့လို့ အပြတ်သားဆုံးအခြေအနေနဲ့ ဦးဆောင်နိုင်ခဲ့ရပါတယ်။ အသင်းမှာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရတဲ့ ဆန်းချက်ဇ်ကတော့ ဒီပွဲမှာ သူရဲ့ပါဝင်ပတ်သက်မှုကနေ သွင်းဂိုး(၃)ဂိုးအထိရအောင် စွမ်းဆောင်ပေးသွားနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ အဲရစ်ဆင်နဲ့ ကန်ဒရီဗာတို့ကလည်း (၈၃)နဲ့(၈၈)မိနစ်တွေမှာ သွင်းဂိုးတွေကို ဆက်တိုက်သွင်းယူခဲ့ပါတယ်။