ဘာစီလိုနာအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့တိုက်စစ်ကို မြင့်တင်ဖို့အတွက် အသင်းရဲ့တိုက်စစ်မှူးဟောင်းနေမာနဲ့ အင်တာမီလန်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး လော်သာရိုမာတီနက်ဇ်တို့ကို ပစ်မှတ်ထားနေတာဖြစ်ကာ ဒီကစားသမား(၂)ယောက်လုံးကို လာမယ့်နွေစျေးကွက်အတွင်းမှာ ခေါ်ယူသွားဖွယ်ရှိနေပါတယ်။ အင်တာအသင်းကလည်း အသင်းအများစုရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ မာတီနက်ဇ်ကို အသင်းကနေ လက်လွတ်မသွားချင်ဘူးဆိုပေမယ့် သူတို့အလိုရှိတာကို ပြန်ရမယ်ဆိုရင်တော့ ရောင်းထုတ်သွားဖွယ်ရှိနိုင်ပါတယ်။

Photo Credit : Sportskeeda

ဒီနှစ်ဘောလုံးရာသီမှာ အင်တာမီလန်အသင်းအတွက် အတော်လေးကို ခြေစွမ်းပြသထားနိုင်တဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ဥရောပအသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ အသီးသီး စိတ်ဝင်စားနေကြကာ ဒီအသင်းတွေထဲမှာ ဘာစီလိုနာအသင်းက မာတီနက်ဇ်ကို အလိုရှိဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။ အင်တာအသင်းဟာ သူတို့ကစားသမားအတွက် စာချုပ်လျော်ကြေး ယူရိုသန်းတစ်ရာ သတ်မှတ်ထားပြီး ဇူလိုင်၁ရက်နေ့ကနေ ၁၅ရက်နေ့အတွင်း အဲ့ဒီတန်ကြေးက သက်ရောက်မှာဖြစ်ကာ ဘာစီလိုနာအပါအဝင် မန်စီးတီး ချယ်လ်ဆီးတို့ကနေ အပြိုင်ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။

Photo Credit : Tribuna

ဒီလို ကမ်းလှမ်းလာကြမယ့်အသင်းတွေထဲကမှ ဘာစီလိုနာအသင်းဘက်ကနေ သူတို့ရဲ့တိုက်စစ်မှူး မာတီနက်ဇ်ကို ကမ်းလှမ်းရာမှာ အန်တိုနီယိုဂရစ်ဇ်မန်းကိုပါ အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် ထည့်သွင်းကမ်းလှမ်းရမယ်လို့ အင်တာဘက်ကနေ တောင်းဆိုလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ သူတို့ ဒီရာသီအစမှ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ခေါ်ယူထားခဲ့တဲဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းကို လာမယ့်နွေစျေးကွက်မှာ အသင်းကနေ ပြန်လည်ရောင်းချဖွယ်ရှိနေသလို အခုလို အင်တာအသင်းဘက်ရဲ့ တောင်းဆိုချက်ကို လိုက်လျောဖွယ်ရှိနေပါတယ်။ တကယ်လို့များ ဘာစီလိုနာအသင်းက နေမာနဲ့ မာတီနက်ဇ်တို့ကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့ ရီးရဲလ်ဆိုစီဒက်အသင်းရဲ့တိုက်စစ်ကစားသမား အလက်ဇန်ဒါးအစ်ဆက်ကို ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလို့နေပါတယ်။