အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းနဲ့ အီတလီ စီးရီးအေ ချန်ပီယံ အင်တာမီလန်အသင်းတို့ဟာ အေဂျက်အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ ကင်မရွန်း ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ချိတ်ဆက်နေကြကြောင်း သိရပါတယ်။

အသက် ၂၅နှစ် အရွယ် ကင်မရွန်း လက်ရွေးစင် ဂိုးသမား အိုနာနာဟာ အေဂျက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Football London

ဒါကြောင့် အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေဟာ လာမယ့် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ကာ အိုနာနာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အကြိုသဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်မှာ ဖြစ်ကာ လက်ရှိမှာတော့ အာဆင်နယ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ဟာ အိုနာနာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဂျာမန်ဂိုးသမား လေနိုရဲ့နေရာ အတွက် အိုနာနာကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်သလို အင်တာမီလန်အသင်းကလည်း သူတို့အသင်းရဲ့ ဝါရင့် ဂိုးသမား ဟန်ဒါနိုဗစ်ရဲ့ နေရာ အတွက် ရေရှည် အစားထိုးမှု တရပ် အဖြစ် အိုနာနာကို ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အင်တာမီလန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ အိုနာနာရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ကာ နှစ်သင်းစလုံးဟာ ယခုနှစ် ဘောလုံးရာသီအကုန် အထိ စောင့်ဆိုင်းမယ့်အစား အိုနာနာကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာတင် ပြောင်းရွှေ့ကြေး ယူရို ၂သန်း ဝန်းကျင် ပေးချေကာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အေဂျက်အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ မာ့စ် အိုဗားမားစ်ကလည်း အိုနာနာဟာ အသင်းကနေ ထွက်ခွာတော့မယ့် အကြောင်း အတည်ပြု ပေးထားပြီး အိုနာနာဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကို စွန့်ခွာမလား ၊ ဒါမှမဟုတ် ရာသီကုန်မှသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာမလား ဆိုတာကို အတိအကျ မသိရသေးကြောင်း ဆိုထားပါတယ်။

ပရိသတ်ကြီးကရော အိုနာနာ တယောက် အာဆင်နယ်အသင်းနဲ့ အင်တာမီလန်အသင်း ဘယ်အသင်းဆီ ရောက်မယ်လို့ ထင်ကြလဲဗျ…။