အင်တာမီလန်အသင်းကတော့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက် ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းကို (၅)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်ကို အနိုင်ယူခဲ့ပြီး ဖိုင်နယ်ကို တတ်ရောက်သွားခဲ့ကာ ဖိုင်နယ်မှာတော့ ယူရိုပါလိဂ်ရဲ့ဘုရင်လို့ ခေါ်ဆိုရမယ့် ဆီဗီလာအသင်းနဲ့ ရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။ ဒီဖိုင်နယ်ပွဲပြီးရင်တော့ အင်တာအသင်းဟာ ပီယာလိုလက်သစ်လေးလို့ တင်စားခေါ်ဆိုခံနေရတဲ့ ဆန်ဒရိုတိုနယ်လီကို အရခေါ်ယူသွားတော့မယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempreinter

အသက်(၂၀)သာရှိသေးတဲ့ အီတလီလက်ရွးစင် ကွင်းလယ်ကစားသမားလေး တိုနယ်လီဟာ ဒီနှစ်ဘောလုံးရာသီမှာ သူရဲ့ဘရက်စီယာအသင်းနဲ့အတူ အီတလီစီးရီးအေပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်သူဖြစ်ပြီး ဘရက်စီယာလူငယ်အသင်းကနေ စီနီယာအသင်းအတွက် စတင်ကစားခဲ့ရပြီး တစ်နှစ်အတွင်းမှာပဲ အီတလီလက်ရွေးစင်အသင်းအတွက်ကိုပါ ရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို အီတလီစီးရီးအေက ကလပ်အသင်းကြီးတွေရော ဥရောပကလပ်အသင်းပေါင်းများစွာက စိတ်ဝင်စားလာခဲ့ပြီး ကမ်းလှမ်းဖို့ကိုလည်း ကြိုးပမ်းလာခဲ့ကြပါတယ်။

Photo Credit : Youtube

နာမည်ကျော် အီတလီလူမျိုး သတင်းထောက်ဖြစ်သူ ဖာဘရီဇီိယိုရိုမာနိုရဲ့တွစ်တာထဲမှာ ဖော်ပြထားချက်အရတော့ တိုနယ်လီဟာ ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်ကတည်းက စီးရီးအေချန်ပီယံ ဂျုဗင်တပ်စ်အသင်းနဲ့ Personal Agree ရယူထားနိုင်ခဲ့ပေမယ့်လည်း ကိုဗစ်ဂယက်ကြောင့် အပြီးသတ်ခေါ်ယူနိုင်ဖွယ် မရှိတော့မို့ ဒီအခြေအနေကို အင်တာမီလန်အသင်းကနေ အကောင်းဆုံးအသုံးချခဲ့ပြီး တိုနယ်လီကို ခေါ်ယူနိုင်ဖို့ ဆက်တိုက်ပြုလုပ်လာခဲ့ရာ အခုဆိုရင်တော့ ယူရိုပါလိဂ်ပြိုင်ပွဲကြီး အပြီးလောက်မှာပဲ အပြီးသတ်ခေါ်ယူနိုင်တော့မယ်လို့ သိရှိရပါတယ်။ လက်ရှိမှာ တိုနယ်လီရဲ့ဘရက်စီယာအသင်းကလည်း စီးရီးအေကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်လို့ အသင်းကနေ သေချာပေါက်ကို ထွက်ခွာတော့မှာဖြစ်ပြီး အခြားသော လိဂ်တွေက ကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုတွေ လက်ခံရရှိနေပေမယ့်လည်း အီတလီမှာပဲ ဆက်လက်ကစားဖွယ်ရှိတာကြောင့် အင်တာရဲ့ကမ်းလှမ်းမှုကို လက်ခံသွားနိုင်ပါတယ်။ အင်တာကလည်း လာမယ့်ရာသီမှာ စီးရီးအေပြိုင်ပွဲအတွင်းမှာ ဂျုဗင်တပ်စ်တစ်သင်းတည်းကပဲ လွှမ်းမိုးထားနိုင်မှုကို အဆုံးသတ်ပြီး စီးရီးအေချန်ပီယံဆုကို အရယူနိုင်အောင် ကြိုးစားသွားမှာဖြစ်လို့ ကစားသမားအင်အားဖြည့်တင်းမှုတွေကို များစွာလုပ်ဆောင်ဖွယ် ရှိနေပါတယ်။