MySport Myanmar

ဒီဟေးယား မရလို့ မာတီနက်ဇ်ကို ချဉ်းကပ်ခဲ့ပေမယ့် ထပ်မံ ပယ်ချခံရတဲ့ အင်တာ

အသင်းရဲ့ အဓိက ဂိုးသမားတွေဖြစ်တဲ့ အိုနာနာ နဲ့ ဟန်ဒါနိုဗစ်တို့ နှစ်ဦးလုံးကို လက်လွတ်ထားခဲ့ရတဲ့ အင်တာမီလန်အသင်းဟာ ဂိုးသမားတွေ ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် ဂိုးသမားများစွာကို ချဉ်းကပ်လျက် ရှိရာ အက်စတွန် ဗီလာရဲ့ အာဂျင်တီးနား ဂိုးသမား မာတီနက်ဇ်လည်း အင်တာရဲ့ shortlist ထဲမှာ ပါဝင်ခဲ့ပါတယ်။

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားကို ကမ္ဘာ့ဖလား ဆွတ်ခူးစေခဲ့သူ မာတီနက်ဇ်ကို အင်တာဘက်က ပြောင်းရွှေ့ကြေး ယူရို (၁၅)သန်းနဲ့ ကမ်းလှမ်းမှု လုပ်ဆောင်လာခဲ့ရာ ဒီကမ်းလှမ်းမှုကို ဗီလာဘက်က ချက်ချင်း ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : The Athletic

အသင်းရဲ့ ကင်မရွန်း ဂိုးသမား အန်ဒရေ အိုနာနာကို မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောင်းထုတ်ပြီး ဝါရင့် ဂိုးသမားကြီး ဟန်ဒါနိုဗစ်ကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်တဲ့ အင်တာက ဒီဂိုးသမားတွေ နေရာမှာ ဆွန်းမား လိုရစ်တို့နဲ့ အစားထိုးသွားဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း လက်ရှိမှာ ဒီဂိုးသမားများနဲ့ သတင်း သိပ်မထွက်တော့ပဲ ငြိမ်သက်နေပါတယ်။

တကယ်တော့ အင်တာက မန်ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ထားခဲ့သူ ဂိုးသမား ဒါးဗစ် ဒီဟေးယားကိုလည်း အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးရာ လစာပိုင်း အဆင်မပြေမှုကြောင့် ဒီဟေးယားက အင်တာရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါသေးတယ်။ အင်တာက ဒီဟေးယားအတွက် တစ်နှစ်လုပ်ခ ယူရို (၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဒီဟေးယားကတော့ အဲ့ဒီ ကမ်းလှမ်းမှုရဲ့ နှစ်ဆလောက်အထိ အလိုရှိတာကြောင့် ခုလို ပယ်ချလိုက်ခြင်း ဖြစ်ပါတယ်။

Photo Credit : Sempreinter

ဒါကြောင့် အင်တာက ဗီလာ ဂိုးသမား မာတီနက်ဇ်ကို ချိန်ရွယ်လာခဲ့ပြီး မာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရို (၁၅)သန်းနဲ့ ကနဦး ကမ်းလှမ်းချက်အဖြစ် စတင် ကမ်းလှမ်းလာခဲ့ရာ ဗီလာဘက်က ချက်ချင်း ပယ်ချသွားခဲ့ပါတယ်။

ဒါပေမယ့် အင်တာမီလန်အနေနဲ့ ဂိုးသမား ခေါ်ယူမှုမှာ ဂိုးသမား နှစ်ဦးလောက်အထိ ခေါ်ယူသွားရဖို့ ရှိနေတဲ့အတွက် မာတီနက်ဇ်ကို ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်ဖို့လည်း ရှိနေသလို ဆွန်းမားကိုလည်း အရ ခေါ်ယူသွားဖို့လည်း ရှိနေပါတယ်။

Exit mobile version