အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ နာပိုလီအသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမား တဦး ဖြစ်သူ အင်ဆစ်ဂ်နီ ကတော့ သူဟာ ဘောလုံးပွဲစဉ်တွေကို ကြည့်ရှုရတာ နှစ်သက်သလို ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ ကစားကြမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုလည်း ကြည့်ရှုချင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် အီတလီ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အင်ဆစ်ဂ်နီဟာ နာပိုလီအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်သလို လက်ရှိ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

အင်ဆစ်ဂ်နီက နာပိုလီအသင်းရဲ့ သက်ရှိ ဂန္တဝင် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ တဦး ဖြစ်သလို ပရိသတ်တွေနဲ့လည်း လိုက်ဖက်ညီလွန်းသူ အဖြစ် နာမည်ကျော်ကြားကာ သူဟာ သူ့ရဲ့ ပရိသတ်တွေလိုပဲ တီဗွီကနေ လာတဲ့ ဘောလုံးပွဲတိုင်းကို မလွတ်တမ်း ကြည့်ရှုလေ့ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပြလာခဲ့ပါတယ်။

ဒါ့အပြင် အင်ဆစ်ဂ်နီက သူ့ရဲ့ဘဝမှာ ကွင်းထဲဝင်ပြီး ကြည့်ချင်တဲ့ ပွဲစဉ်တပွဲ ရှိကြောင်းနဲ့ အဆိုပါပွဲစဉ်ဟာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ဖြစ်ကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

Photo Credit: Sky Sports

အင်ဆစ်ဂ်နီက – “ကျွန်တော်က တီဗွီမှာ လာတဲ့ ဘောလုံးပွဲတွေကို မလွတ်တမ်း ကြည့်ရှုလေ့ ရှိသူပါ။ တကယ်လို့ ကျွန်တော်ကသာ ကွင်းထဲဝင်ပြီး ပွဲတပွဲကို သွားကြည့်ခွင့် ရမယ် ဆိုရင် အဲ့ဒီပွဲက ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ အဲ့ဒီပွဲက ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးနဲ့ ကလော့ပ်ရဲ့ လီဗာပူးတို့ တွေ့တဲ့ ပွဲစဉ်ဖြစ်ရင် အကောင်းဆုံးပေါ့ဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။