MySport Myanmar

လာမယ့်နွေမှာ ကစားသမား အမြောက်အများကို ရှင်းထုတ်သွားဖို့ စီစဉ်နေတဲ့ အာဆင်နယ်

မကြာသေးခင်ကမှ ပြီးဆုံးသွားခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ အဆင့်(၅)နေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ ကပ်လွဲချော်သွားခဲ့ရတဲ့ အာဆင်နယ်အသင်းက လာမယ့်ရာသီသစ်အတွက် ကစားသမားသစ်တွေ မခေါ်ယူခင်မှာ အသင်းက ကစားသမား အရေအတွက် အမြောက်အများကို ရှင်းထုတ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့စျေးကွက် မဖွင့်လှစ်ခင်မှာပဲ အသင်းရဲ့ ကွင်းလယ်ကစားသမား ဂွမ်ဒူဇီနဲ့ နောက်ခံကစားသမား မာဗရိုပါနော့စ်တို့ကို မာဆေးလ်နဲ့ စတုဂတ်အသင်းတွေဆီ အပြီးသတ် ရောင်းထုတ်ခဲ့ပြီး သူတို့နှစ်ဦးစီကနေ ပေါင်(၁၂.၅)သန်းဝန်းကျင်လောက်အထိကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါ့အပြင် အသင်းကနေ အငှားချထားခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ ဘယ်လာရင် တော်ရဲရား မီလန်းနိုင်းစ် ပါဘလိုမာရီတို့အပြင် အသင်းရဲ့ ဂျာမနီဂိုးသမား လေနိုတို့ကိုပါ အသင်းကနေ ရှင်းထုတ်သွားဖို့ အစီအစဉ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လာကာဇက်နဲ့ အန်ခယ်တီယာတို့ နှစ်ဦးစလုံးဟာ လာမယ့်ဇွန်လမှာပဲ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မှာဖြစ်ပြီး သူတို့လို စာချုပ်ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ အယ်လ်နီနီက အသင်းနဲ့ နောက်တစ်ရာသီ သက်တမ်းထပ်တိုးထားခဲ့ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ ကစားသမား အစုအဖွဲ့မှာ စီနီယာကစားသမား (၁၆)ယောက်သာ ရှိလို့နေပြီး နည်းပြအာတီတာကတော့ outfield players (၂၂)ဦးလောက် အလိုရှိနေတယ်လို့ နည်းစနစ်ဒါရိုက်တာ အီဒူးဆီ ဖွင့်ဟပြောဆိုထားခဲ့ပါတယ်။ လာမယ့်ရာသီမှာတော့ အာဆင်နယ်အသင်းဆီ နောက်ခံလူ ဆလီဘာနဲ့ ရီးစ်နယ်ဆန်တို့ ုပြန်ရောက်လာဖွယ် ရှိနေသလို ချာလီပါတီနိုတို့လို လူငယ်ကစားသမားလေးတွေဟာလည်း ယူရိုပါလိဂ်လို ပြိုင်ပွဲတွေမှာ ထည့်သွင်းအသုံးပြုဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အာတီတာဟာ လာမယ့်ရာသီအတွက်ကိုလည်း တိုက်စစ်ကစားသမား(၂)ဦး ကွင်းလယ်လူ(၁)ဦးနဲ့ ဗဟိုခံစစ်မှူး(၁)ဦးတို့ကိုပါ ခေါ်ယူအားဖြည့်သွားဖို့ အစီအစဉ်ရှိနေပြီး တိုက်စစ်ပိုင်းအတွက် ဂါဘရီရယ်ဂျေဇူးနဲ့ တမ်မီအေဘရာဟမ်တို့ကို ပစ်မှတ်ထားနေသလို ကွင်းလယ်ပိုင်းအတွက်ကိုလည်း ယိုရီတီလေမန်းစ်ကို အဓိကပစ်မှတ်ထားနေပါတယ်။

Exit mobile version