စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်ပြီး လက်ရှိမှာ ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘေးအသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ ဝါရင့် ကွင်းလယ်လူ အင်နီယေစတာက သူဟာ တနေ့မှာ ဘာစီလိုနာအသင်းဆီ ပြန်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ဝါရင့် စပိန်ကွင်းလယ်လူ အင်နီယေစတာဟာ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ထိပ်သီး ကွင်းလယ်လူ တဦး ဖြစ်ပြီး ဘာစီလိုနာအသင်း အတွက် ၁၆နှစ်တာ ကာလအတွင်းမှာ ပြိုင်ပွဲစုံပွဲပေါင်း ၆၇၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သူပါ။

Photo Credit: Goal

အင်နီယေစတာဟာ ဘာစီလိုနာအသင်း အတွက် အောင်မြင်မှုပေါင်း များစွာ ရယူပေးနိုင်ခဲ့သလို စပိန်အသင်း အတွက်လည်း ကမ္ဘာ့ဖလား ၁ကြိမ် ၊ ယူရိုဖလား ၂ကြိမ်တို့ကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးကို အနုပညာမြောက်စွာ ကစားတတ်တဲ့ အင်နီယေစတာဟာ တနေ့မှာ ထိပ်တန်း နည်းပြတဦး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပြီး ယခုအချိန်မှာတော့ အင်နီယေစတာက သူဟာ အနာဂတ်မှာ နည်းပြတဦး ဖြစ်ချင်သလို သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းထံလည်း ပြန်ချင်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

Photo Credit: Goal

အင်နီယေစတာက – “ဟုတ်ပါတယ်။ တနေ့မှာ ဘာစီလိုနာအသင်းဆီကို ကျွန်တော် ပြန်သွားချင်ပါတယ်။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ အချိန်ပေါင်းများစွာကို ဘာစီလိုနာအသင်းနဲ့ အတူ ကုန်ဆုံးခဲ့တာကြောင့် တနေ့ကို ဘာစီလိုနာအသင်းဆီ ပြန်ချင်ပါတယ်။ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ပြီးတော့ အသင်းဆီ ဘယ်လိုပုံစံနဲ့ ပြန်ခွင့်ရမလဲ ဆိုတာကိုလည်း မသိသေးပါဘူး။ အကြောင်းအရာပေါင်း များစွာ ရှိနေတာကြောင့် ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာဖို့က ခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဘာစီလိုနာဆီ ပြန်ချင်ပါတယ်။ တခါတလေတော့ ကျွန်တော်က နည်းပြ ဖြစ်ချင်ပါတယ်။ တခါတလေကျ တခြား ရာထူးတွေကို လိုချင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်က ဘောလုံးလောကထဲမှာပဲ နေချင်တာကြောင့် ကစားသမားဘဝကို အဆုံးသတ်ပြီးရင်တော့ ကျိန်းသေပေါက် နည်းပြလိုင်စင်ကို ယူဦးမှာပါ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။