MySport Myanmar

ဘာကာဆီ ပြန်လာပြီး တတ်စွမ်းသရွေ့ ကူညီချင်နေကြောင်း ပြောခဲ့တဲ့ အင်နီယေစတာ

စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာနဲ့ စပိန်အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ အင်နီယေစတာ ကတော့ သူဟာ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်ပြီးပါက အသင်းဟောင်း ဘာစီလိုနာထံ ပြန်လာကာ အသင်းကို တတ်စွမ်းသရွေ့ ကူညီချင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူဟောင်း အင်နီယေစတာဟာ ယခုအချိန်မှာ ဂျပန် ဂျေလိဂ်ကလပ် ဗစ်ဆဲကိုဘေးရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားနေသူ ဖြစ်ပြီး ဗစ်ဆဲကိုဘေးရဲ့ မရှိမဖြစ် ကစားသမား တဦးလို့ ပြောရင်လည်း မမှားပါဘူး။

Photo Credit: Marca

အင်နီယေစတာဟာ ကစားသမားဘဝ နောက်ဆုံးအချိန် အကန့်အသတ်ကို ရောက်ရှိနေပေမယ့် ပြီးခဲ့တဲ့ အာရှ ဘောလုံးရာသီမှာ ဗစ်ဆဲကိုဘေး အတွက် ပြိုင်ပွဲစုံမှာ ၂၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဗစ်ဆဲကိုဘေးက အင်နီယေစတာကို နောက်ထပ် ၂နှစ် စာချုပ်သက်တမ်း ထပ်တိုးခဲ့တာ ဖြစ်ပြီး အင်နီယေစတာရဲ့ ဗစ်ဆဲကိုဘေးနဲ့ စာချုပ်ဟာ ၂၀၂၄ခုနှစ်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Marca

အင်နီယေစတာဟာ ဗစ်ဆဲကိုဘေးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှာ ကစားသမားဘဝ ကနေ အနားယူဖို့ ရှိနေပြီး ကစားသမားဘဝ ကနေ အနားယူပြီးပါက အသင်းဟောင်း ဘာစီလိုနာဆီ ပြန်လာချင်ကြောင်း အင်နီယေစတာက ဆိုပါတယ်။

အင်နီယေစတာက – “ကျွန်တော်က ဘာစီလိုနာဆီ ပြန်လာချင်ပါတယ်။ ပြီးတော့ အသင်းကိုလည်း ကစားသမားဘဝနဲ့ မဟုတ်ပဲ အခြားနည်းလမ်း တခုနဲ့ ကူညီချင်ပါတယ်” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version