စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ အင်နီယေစတာ ကတော့ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းဟာ လက်ရှိနည်းပြ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြသစ်တဦးကို ခန့်အပ်ချင်ပါက သူ့လိုပဲ ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်တဲ့ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ဘာစီလိုနာ ဂန္တဝင်ကွင်းလယ်လူ အင်နီယေစတာဟာ လက်ရှိမှာ ဂျပန် ဂျေလိဂ်ကလပ် ဗစ်ဆဲလ်ကိုဘေးအသင်းရဲ့ အသင်းခေါင်းဆောင် တဦး အဖြစ် ကစားနေသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် အဆိုပါ စာချုပ်သက်တမ်း ကုန်ဆုံးမှသာ ကစားသမားဘဝ ကနေ အနားယူဖို့ ဆုံးဖြတ်ထားသူပါ။

Photo Credit: Goal

တဖက်မှာတော့ အင်နီယေစတာနဲ့အတူ ဘာစီလိုနာအသင်းနဲ့ စပိန်အသင်းတို့ရဲ့ ကွင်းလယ်မှာ အတွဲညီခဲ့ဖူးတဲ့ ဇာဗီဟာ နည်းပြလောကထဲကို ရောက်ရှိနေပြီး ကာတာအခြေစိုက် နာမည်ကြီးကလပ် အယ်ဆတ်အသင်းကို ကိုင်တွယ်နေကာ အယ်ဆတ်အသင်းနဲ့အတူ ကာတာလိဂ်ဖလားနဲ့ ရှုံးထွက်ဖလားတို့ကို ရယူထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာအသင်းဟာ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ပြီးပါက ဇာဗီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း အကြံပေးမှုတွေ ရှိနေခဲ့ပြီး ဇာဗီရဲ့ တွဲဖက်ဟောင်း ဖြစ်သူ အင်နီယေစတာကလည်း ဇာဗီဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြချုပ်ရာထူးကို ရယူနိုင်ဖို့ အရည်အချင်း ပြည့်ဝကြောင်း ထောက်ခံ အားပေးသွားခဲ့ပါတယ်။

Photo Credit: Goal

ဇာဗီကို ဘာစီလိုနာနည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်းကို အင်နီယေစတာက – “ဇာဗီက ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖို့ အဆင်သင့် ဖြစ်နေပြီလား။ ဒီမေးခွန်းအတွက် အဖြေကတော့ ရက်စ်ပါ။ သူက ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ ဇာဗီက ဘာစီလိုနာကို နည်းပြဖို့ အတွက် ပြင်ဆင်မှုတွေ ၊ ကြိုးစားမှုတွေ အများကြီး ပြုလုပ်ထားတဲ့သူပါ။ ပြီးတော့ သူက ဘာစီလိုနာ နည်းပြအဖြစ် အောင်မြင်မှုတွေ အများကြီး ရယူနိုင်မယ်လို့ ယုံကြည်မှု အပြည့်အဝ ရှိနေပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။