အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ငြင်းဆန်ပယ်ချထားခဲဲ့တဲ့ ဆောက်သမ်တန်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဒန်နီအင့်စ်ဟာ လက်ရှိ နွေစျေးကွက်အတွင်းမှာပဲ သူရဲ့အနာဂတ်အခြေအနေက လှုပ်ခတ်လျက်ရှိနေပြီး ပရီးမီးယားလိဂ်ထိပ်သီး ကလပ်အသင်းများစွာနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ အခြားအသင်းတွေထက် မန်စီးတီး ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိလာဖို့ကိုပဲ စောင့်ဆိုင်းလျက် ရှိနေတယ်လို့ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ဒန်နီအင့်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဆောက်သမ်တန်အတွက် ပရီးမီးယားလိဂ် သွင်းဂိုး(၁၂)ဂိုးအထိကို သွင်းယူထားပေးနိုင်ခဲ့တဲ့ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် အင့်စ်နဲ့ အသင်းကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကတော့ ၂၀၂၂ခုနှစ်မှာပဲ သက်တမ်းကုန်ဆုံးတော့မှာ သက်တမ်းတစ်နှစ်ပဲ ကျန်ရှိနေတော့တဲ့ အင့်စ်ကို ဆောက်သမ်တန်ဘက်ကေန သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားဘက်က သက်တမ်းတိုးဖို့ ပယ်ချထားခဲ့တာကြောင့် ဒန်နီအင့်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရဖို့အတွက် ဒီနွေမှာပဲ ရောင်းချသွားရဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Photo Credit : Goal

ဒီလို အနာဂတ် မရေမရာ ဖြစ်လို့နေရတဲ့ ဒန်နီအင့်စ်ကို စပါးအသင်းက စိတ်ဝင်အစားဆုံး ဖြစ်လို့နေပြီး တို်က်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းသွားဖို့ လိုအပ်နေတဲ့ မန်စီးတီးအသင်းနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းက အသင်းရဲ့တိုက်စစ်ပိုင်းအတွက် စပါးတိုက်စစ်မှူး ဟာရီကိန်း ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းနဲ့ ဘိုင်ယန်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးတို့ကို အဓိကပစ်မှတ်ထားနေခဲ့တာဖြစ်ပြီး ဒီကစားသမားတွေကို မခေါ်ယူနိုင်မှသာ ဒန်နီအင့်စ်ကို ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ဒန်နီအင့်စ်ကိုယ်တိုင်ကလည်း စပါးအသင်းထက် ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အမှတ်ပေးဇယားရဲ့ အဆင့်(၁)နဲ့(၂)နေရာတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်အသင်းတွေရဲ့ တရားဝင် ကမ်းလှမ်းမှုတွေကိုုသာ အလိုရှိနေတာဖြစ်ပါတယ်။ လီဗာပူးလ် ဘန်လေအသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်း ဒန်နီအင့်စ်ဟာ ဆောက်သမ်တန်နဲ့ ဘောလုံးရာသီ (၃)ရာသီကို ဖြတ်သန်းခဲ့ပြီး (၃)ရာသီအတွင်း အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၄၁)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့ပါတယ်။