ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ ဖီဖာရဲ့ ဥက္ကဌ ဖြစ်သူ အင်ဖန်တီနိုကတော့ သူတို့ဟာ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံးပြိုင်ပွဲ အဖြစ် သတ်မှတ်ခံထားရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကြိုးပမ်းဖို့ အစွမ်းကုန် ကြိုးပမ်းနေကြောင်း တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာပိုင်းအရ အမြင့်ဆုံး ဆုဖလား တခု ဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံမှန်အားဖြင့် ၄နှစ် ၁ကြိမ် ကျင်းပခဲ့ကြပေမယ့် ယခုအချိန်မှာတော့ ဖီဖာက ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပပြီး ဝင်ငွေတိုးအောင် လုပ်ဆောင်ဖို့ ကြံရွယ်နေတာပါ။

Photo Credit: CNN

လက်ရှိ ကမ္ဘာ့ဘောလုံး ပြက္ခဒိန်အရ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄နှစ် ၁ကြိမ် ကျင်းပပြီး ကြားထဲမှာတော့ သက်ဆိုင်ရာ တိုက်ကြီးများအလိုက် နိုင်ငံပြိုင်ပွဲတွေကို ၂နှစ် ၁ကြိမ် ကျင်းပလေ့ ရှိပါတယ်။ ဒါကြောင့် ဘောလုံးပရိသတ်တွေဟာ နိုင်ငံအလိုက် ပြိုင်ပွဲကြီးတွေကို ၂နှစ် ၁ကြိမ် ကြည့်ရှုနေရပါတယ်။

ဒါပေမယ့် ဖီဖာကတော့ တိုက်ကြီးများအလိုက် နိုင်ငံပြိုင်ပွဲတွေကို ၂နှစ် ၁ကြိမ် ကျင်းပနေတာကို သဘောမကျပဲ အဆိုပါ နိုင်ငံပြိုင်ပွဲတွေကို ဖယ်ရှားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုသာ ၂နှစ် ၁ကြိမ် ကျင်းပဖို့ အလိုရှိနေကာ သူတို့ရဲ့ အစီအစဉ်ကို သဘောတူ လက်ခံကြအောင် စည်းရုံးရေးတွေလည်း ပြုလုပ်နေပါတယ်။

Photo Credit: CNN

ဖီဖာဥက္ကဌ ဖြစ်သူ အင်ဖန်တီနိုကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပတာကြောင့် သူတို့ဟာ ဝင်ငွေ အမြောက်အမြား ရရှိနိုင်သလို အဆိုပါ ရလာတဲ့ ဝင်ငွေတွေနဲ့ ကမ္ဘာ့အနှံ့မှာ ဘောလုံးအားကစား တိုးတက်လာအောင် ဆောင်ရွက်နိုင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

အင်ဖန်တီနိုက – “ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပမယ့် အစီအစဉ်က အားကစားရှုထောင့် ကနေ ကြည့်လိုက်ရင် သင့်တော်ရုံတင်မကပဲ ငွေကြေးအရ ကြည့်ရင်လည်း အတော်လေးကို အမြတ်အစွန်း များမယ့် အစီအစဉ် တခုပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပရင် ကျွန်တော်တို့တွေ ဝင်ငွေတွေ ပိုရလာမယ်။ ရလာတဲ့ ပိုက်ဆံတွေကို ပြန်ပြီး ရင်းနှီးမြှုပ်နှံနိုင်မယ်။ ကမ္ဘာအနှံ့မှာ ဘောလုံးအားကစား တိုးတက်လာအောင် လုပ်ဆောင်နိုင်မယ်။ အထူးသဖြင့် ဒီအစီအစဉ်ကြောင့် ကမ္ဘာအနှံ့မှာ တသင်းနဲ့ တသင်း ကွာဟချက် ကြီးမားနေတာတွေကို လျှော့ချနိုင်ပါတယ်။ ဒါကြောင့် ဒီအစီအစဉ်က လူတိုင်းအတွက် အကျိုးရှိမယ့် အစီအစဉ်တခုပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။