MySport Myanmar

လာမယ့်နွေမှာ လုပ်ခလစာမြင့် ကစားသမားတွေကို ရောင်းထုတ်မယ့် မန်ယူပိုင်ရှင်သစ် INEOS

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSက လာမယ့် နွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လုပ်ခလစာမြင့် ကစားသမားတွေကို တသီတသန်းကြီး ရောင်းထုတ်ဖို့ ပြင်ဆင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဗြိတိန်ရဲ့ အချမ်းသာဆုံး ဘီလီယံနာ ရက်ကလစ်ဖ် ပိုင်ဆိုင်တဲ့ INEOSက မကြာသေးမီကမှ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာတွေကို ဝယ်ယူကာ အသင်းရဲ့ ပူးတွဲပိုင်ရှင် ဖြစ်လာပြီး INEOSက ဂလေဇာမိသားစုနဲ့ ဆွေးနွေး တိုင်ပင်ပြီးနောက် ယူနိုက်တက်ရဲ့ အားကစားရေးရာ စီမံပိုင်ခွင့်ကို ရရှိထားပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်ရဲ့ အားကစားရေးရာ စီမံပိုင်ခွင့်ကို ရရှိပြီးနောက် INEOSက ယခု ဆောင်းဈေးကွက်မှ စတင်ကာ အသင်းရဲ့ ကစားသမားခေါ်ယူမှုတွေ ၊ ကင်းထောက်မှုတွေ ၊ လူငယ်ကြယ်ပွင့် စုဆောင်းမှုတွေ စတဲ့ အပိုင်းတွေကို တာဝန်ယူ ကိုင်တွယ်နေပြီး INEOSက သူတို့ကိုယ်စား ယူနိုက်တက်ကို အုပ်ချုပ်မယ့် အားကစားဒါရိုက်တာနဲ့ လူသစ်စုဆောင်းရေးခေါင်းဆောင် စတဲ့ ရာထူးကြီး တာဝန်ရှိသူ နှစ်ဦးကိုလည်း မကြာမီမှာ ခန့်အပ်ပါတော့မယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလစ် အေဘရာဟမ်ရဲ့ ဖော်ပြချက်အရ INEOSက လာမယ့် နွေဈေးကွက်မှာ အသင်းရဲ့ လုပ်ခလစာမြင့် ကစားသမားတွေ ဖြစ်ကြတဲ့ ဗာရန်း ၊ ကတ်စ်မဲရိုး ၊ မာရှယ် စတဲ့ ကစားသမားတွေ အားလုံးကို ရောင်းထုတ်ဖို့ စဉ်းစားထားသလို အဲရစ်ဆင် ၊ လင်ဒီလော့ဖ် ၊ တော်မီနေး ၊ အန်တိုနီ စတဲ့ ကစားသမားတွေကိုပါ ရှင်းထုတ်ဖို့ ကြံရွယ်နေကြောင်း သိရပါတယ်။

 

Photo Credit: Football 365

INEOSက ယူနိုက်တက်ရဲ့ CEOအသစ် အဖြစ် ဂျူဗင်တပ်ရဲ့ တာဝန်ရှိသူဟောင်း ဘလန့်စ်ကို မကြာမီမှာ ခန့်အပ်ဖို့ စီစဉ်ထားပြီး ဘလန့်စ်ရဲ့ အဓိကတာဝန်ဟာ လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကို အသက် ၂၀နှစ်နဲ့ ၂၆နှစ်ကြား ကစားသမား အများစုနဲ့ စုဖွဲ့ထားတဲ့ အသင်း ဖြစ်လာအောင် လုပ်ဆောင်ဖို့ ဖြစ်ကြောင်းလည်း အေဘရာဟမ်က ဆိုပါတယ်။

လက်ရှိမှာတော့ ဆော်ဒီ ထိပ်သီးကလပ်တွေက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား အများအပြားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်းတွေ ဖြစ်တဲ့ ဗာရန်းနဲ့ ကတ်စ်မဲရိုးတို့က သူတို့ရဲ့ အသင်းဖော်ဟောင်း ရိုနယ်ဒို ရှိနေတဲ့ အယ် နက်ဆာဆီ ပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေလည်း အကြီးအကျယ် ထွက်နေပါတယ်။

Exit mobile version