မနေ့ညက လက်စတာရဲ့အိမ်ကွင်းဖြစ်တဲ့ ကင်းပါဝါကွင်းမှာ ယှဉ်ပြိုင်သွားခဲ့ကြတဲ့ လက်စတာစီးတီးအသင်းနဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) ပွဲကျန်ပွဲစဉ်မှာ အိမ်ရှင်လက်စတာက စပါးကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ခဲ့ပြီး ဒီဦးဆောင်မှုက မိနစ်(၉၀)ထိကို ရှိခဲ့ပေမယ့်လည်း စပါးအသင်းရဲ့ လူစားဝင် တောင်ပံကစားသမား စတီဗင်ဘာ့ဂ်ဝင်းချ်ရဲ့ နာကျင်အချိန်ပိုအတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုး(၂)ဂိုးကြောင့် စပါးအသင်းဟာ Amazing Comeback နဲ့ကို အနိုင်ရသွားခဲ့ရပါတယ်။

Photo Credit : Sky Sports

စပါးအသင်းဟာ အခု ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာပဲ အသင်းရဲ့ နယ်သာလန် တောင်ပံတိုက်စစ်ကစားသမား ဘာ့ဂ်ဝင်းချ်ကို အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်ခဲ့ပြီး ဘာ့ဂ်ဝင်းချ်ကိုလည်း နယ်သာလန် ထိပ်တန်းကလပ် အေဂျက်စ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို(၁၅)သန်း အပါအဝင် တရားဝင် ကမ်းလှမ်းမှုတွေ (၂)ကြိမ်လောက်အထိ ပြုလုပ်ခဲ့ပေမယ့် စပါးအသင်းဘက်က ဒီကမ်းလှမ်းမှုတွေကို ပယ်ချထားခဲ့ပါတယ်။ စပါးအသင်းက သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရို(၁၅)သန်းထက် ပို်မိုအလိုရှိနေတာဖြစ်ပြီး အေဂျက်စ်ဘက်ကနေလည်း ယူရို(၁၅)သန်းထက် ပိုမိုကမ်းလှမ်းလာခြင်း မရှိသေးတာကြောင့် ဘာ့ဂ်ဝင်းချ်အနေနဲ့ စပါးအသင်းမှာပဲ ဆက်လက်ကျန်ရှိနေတာ ဖြစ်ပါတယ်။

Photo Credit : Sport Illustrated

အခုလို အသင်းအပြောင်းအလဲ မလုပ်ဆောင်ခဲ့ရတဲ့ ဘာ့ဂ်ဝင်းချ်ဟာ လက်စတာနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် (၇၉)မိနစ်အတွင်း လူစားဝင် ကစားခွင့်ရခဲ့ပြီး ပွဲကစားချိန် (၉၄)မိနစ်မှာ အဝါကတ် ပြသခံခဲ့ရပေမယ့်လည်း (၉၅)မိနစ်နဲ့ (၉၇)မိနစ်တွေမှာ သူရဲ့သွင်းဂိုး(၂)ဂိုးကြောင့် စပါးအသင်းဟာ အရှုံးရလဒ်ကနေ အနိုင်ရလဒ်ထိကို အလှည့်အပြောင်း ဖြစ်သွားခဲ့ရသလို နည်းပြအန်တိုနီယိုကွန်တီမှာလည်း သူရဲ့ စပါးနည်းပြဘဝ ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ကြုံတွေ့ရမယ့် အရေးကနေ သီသီလေး လွတ်မြောက်သွားခဲ့ရပါတယ်။ အခုဆိုရင် ကွန်တီဟာ စပါးအသင်းအတွက် ပရီးမီးယားလိဂ် (၉)ပွဲလုံးကို ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အခုလို အသင်းကိုရော နည်းပြကိုရော ကယ်တင်သွားခဲ့တဲ့ ဘာ့ဂ်ဝင်းချ်ဟာ လာမယ့်ပွဲစဉ်တွေအတွင်း အသင်းနည်းပြရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိလာနိုင်ပြီး အသင်းရဲ့ ပွဲထွက်လူစာရင်းမှာပါ ပါဝင်လာရဖွယ် ရှိနေသလို မမျှော်လင့်ပဲနဲ့လည်း အသင်းအပြောင်းအလဲလည်း လုပ်ဆောင်သွားရနိုင်ပါတယ်။