လေဗာကူဆင်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာဖို့ အတော်လေးကို နီးစပ်နေပြီဖြစ်တဲ့ ဂျာမန်ကြယ်ပွင့်ကစားသမားလေး ကိုင်းလ်ဟားဗက်ဇ်ဟာ တကယ်လို့ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့မယ်ဆိုရင် သူရဲ့တစ်ပတ်လုပ်ခ ပေါင်(၃)သိန်း(၁)သောင်းလောက်အထိ ရရှိနိုင်ဖွယ်ရှိနေတာကြောင့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့စတုတ္ထမြောက် လုပ်ခလစာအမြင့်ဆုံးရရှိမယ့် ဘောလုံးသမားတစ်ယောက်ဖြစ်လာနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Football.London

အသက်(၂၁)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်ဟာ လေဗာကူဆင်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ သူရဲ့ခြေစွမ်းကောင်းတွေကို ပြသထားနိုင်လို့ သူ့ကို ကလပ်အသင်းများစွာကနေ အပြိုင်စိတ်ဝင်စားလာခဲ့တာဖြစ်ကာ ဒီအသင်းတွေထဲကမှ ချယ်လ်ဆီးအသင်းက ဟားဗက်ဇ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်လာခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဟားဗက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၉၀)အထိ ပေးချေသွားဖို့ အသင့်ရှိနေတဲ့အပြင် ကစားသမားရဲ့တစ်ပတ်လုပ်ခကိုပါ ပေါင်(၃)သိန်း(၁)သောင်းလောက်အထိနဲ့ ကမ်းလှမ်းဖွယ်ရှိပါတယ်။

Photo Credit : Si

ဟားဗက်ဇ်အနေနဲ့ ဒီလစာပမာဏကိုသာ ရရှိလာခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့လုပ်ခလစာအများဆုံး ထိပ်တန်းစာရင်းထဲကို ပါဝင်လာခဲ့မှာဖြစ်ပြီး သူရဲ့အထက်မှာလည်း ဒေးဗစ်ဒီဂီယာ အိုဇေးနဲ့ ကယ်ဗင်ဒီဘရိုင်းတို့(၃)ဦးလောက်ပဲ ရှိနေတော့မှာဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာက တစ်ပတ်လုပ်ခ ပေါင်(၃)သိန်း(၇)သောင်းခွဲနဲ့ လစာအမြင့်မားဆုံးရရှိနေတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး သူရဲ့နောက်မှာ အာဆင်နယ်အသင်းရဲ့ ဂျာမန်ကွင်းလယ်လူအိုဇေးကို တစ်ပတ်လုပ်ခ ပေါင်(၃)သိန်းခွဲနဲ့ ဒုတိယနေရာနဲ့ မန်စီးတီးအသင်းရဲ့ဘယ်ဂျီယံကွင်းလယ်ကစားသမားဒီဘရိုင်းက လစာပေါင်(၃)သိန်း(၂)သောင်းနဲ့ တတိယနေရာတို့မှာ အသီးသီးရပ်တည်နေပါတယ်။ ဟားဗက်ဇ်အနေနဲ့ ပေါင်(၃)သိန်း(၁)သောင်းသာ ရရှိခဲ့မယ်ဆိုရင် သူရဲ့အောက် ပဥ္စမနေရာမှာ မန်စီးတီးတောင်ပံကစားသမား ရာဟန်စတာလင်က ပေါင်(၃)သိန်းနဲ့ ရပ်တည်နေမှာဖြစ်သလို ဟားဗက်ဇ်ကလည်း လစာအမြင့်မားဆုံး Top 5 စာရင်းထဲမှာ အသက်အငယ်ဆုံး ကစားသမားတစ်ယောက်အဖြစ်ပါ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ရဲ့လစာအမြင့်ဆုံး ကစားသမား(၁၀)ယောက်စာရင်းမှာတော့ ချယ်လ်ဆီးကစားသမားတစ်ယောက်မှ ပါဝင်ထားခြင်း မရှိသေးပါဘူး။