MySport Myanmar

နောက် (၃) (၄)နှစ်ထဲ ဒရာဂူဆင်ကို ရီးယဲလ်မှာ မြင်တွေ့ရမယ်လို့ အေးဂျင့်ဖြစ်သူ ဆို

မကြာသေးခင်ကမှ ဂျီနိုအာကနေ တော့တင်ဟမ် ဟော့စပါးအသင်းဆီကို ပြောင်းရွှေ့သွားခဲ့တဲ့ ရိုမေးနီးယား ခံစဟ်မှူးလေး ရာဒူ ဒရာဂူဆင်ရဲ့ အေးဂျင့်ဖြစ်သူက လာမယ့် (၃) (၄)နှစ်အတွင်းမှာပဲ သူရဲ့ ကစားသမားကို ရီးယဲလ် မက်ဒရစ်အသင်းဆီမှာ မြင်တွေ့ရလိမ့်မယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၁)နှစ်သာ ရှိနေသေးတဲ့ ဂျုဗင်တပ်စ် ကစားသမားဟောင်း ဒရာဂူဆင်ဟာ ဒီဆောင်းဈေးကွက်အတွင်းမှာ အတော်လေး hot ခဲ့တဲ့ ခံစစ်မှူးလေးဖြစ်ပြီး သူ့ကို စပါးအသင်းက ဘိုင်ယန်မြူးနစ်နဲ့အပြိုင် အရ ခေါ်ယူခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit : Sky Sports

စပါးအသင်းက ဒရာဂူဆင်အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၃၀)အပြင် ဂျက်စပန့်ကိုပါ ဂျီနိုအာအသင်းဆီ အငှားချပေးခဲ့ရပါတယ်။ အခုဆို ဒီ ခံစစ်မှူးလေးက မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာပါ ပထမဆုံး ပွဲထွက်ကစားပေးဖွယ်လည်း ရှိနေပါတယ်။

ဒီလို အခြေအနေမှာ ဒရာဂူဆင် အေးဂျင့်က စပါး ပရိသတ်တွေ စိတ်ပျက်စေရမယ့် စကားတစ်ခုကို အခုလို ပြောဆိုလာခဲ့ပါတယ်။ “အခု ကျွန်တော်တို့က လမ်းရဲ့ အစမှာပဲ ရှိနေပါသေးတယ်။ ကျွန်တော် သူ့ကို ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေဆီ ရောက်စေချင်ပါတယ်။”

Photo Credit : Sports Mole

“ကျွန်တော်တို့လည်း ဘိုင်ယန်မြူးနစ်နဲ့ တခြားသော ကလပ်အသင်းကြီးတွေနဲ့ပါ နီးစပ်ခဲ့သေးတာ။ ဒါပေမယ့် ရာဒူရဲ့ စိတ်ကူး အိမ်မက်ကတော့ ဘာစီလိုနာ ဒါမှမဟုတ် ရီးယဲလ်မက်ဒရစ်တို့မှာ ကစားရဖို့ပါ။ တကယ်လို့ သူက (၂၃) (၂၄)နှစ်အရွယ်သာ ရှိနေမယ် အတွေ့အကြုံ တချို့လည်း ရှိနေမယ်ဆိုရင်တော့ ဘိုင်ယန်ဆီ ပြောင်းဖို့ ရွေးချယ်ကောင်း ရွေးချယ်သွားနိုင်တယ်။”

“ဒါပေမယ့် သူ့အသက်အရွယ် သူဝင်ရောက် ဆင်နွဲရမယ့် ပြိုင်ပွဲနဲ့ တခြားသော အရာတွေ အများကြီးကို ထည့်သွင်း စဉ်းစားခဲ့ရတယ်။ လာမယ့် (၃) (၄)နှစ်အတွင်းမှာတော့ ကျွန်တော် သူ့ကို ရီးယဲလ် မက်ဒရစ်အသင်းမှာ တွေ့မြင်ရမှာပါ။” လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version