MySport Myanmar

တဲလက်စ်အပြင် ဘိုင်လီကိုပါ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတဲ့ ဆီဗီလာ

စပိန်လာလီဂါ ထိပ်သီးကလပ် ဆီဗီလာအသင်းဟာ ဒီဈေးကွက်အတွင်းမှာ ခံစစ်ကစားသမားတွေ အများအပြားကို အသင်းကနေ ရောင်းထုတ်ထားခဲ့ရလို့ ဒီကစားသမားတွေရဲ့ ပြန်လည် အစားထိုးဖို့အတွက် ခံစစ်မှူးတွေကို ပစ်မှတ်ထားလျက် ရှိနေရာ လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်အပြင် ဗဟိုခံစစ်ကစားသမား အဲရစ်ဘိုင်လီကိုပါ ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : FC Barcelona

ဒီနှစ် နွေဈေးကွက်ထဲမှာ ဆီဗီလာအသင်းဟာ အသင်းရဲ့ ဗဟိုခံစစ်မှူးတွေဖြစ်တဲ့ ဒီယေဂိုကားလို့စ်နဲ့ ဂျု့စ်ခွန်ဒဲတို့ကို အက်စတွန်ဗီလာနဲ့ ဘာစီလိုနာအသင်းတွေဆီ ရောင်းချခဲ့သလို အသင်းရဲ့ ဘယ်နောက်ခံလူ အော်ဂတ်စတိန်ဆန်ကိုလည်း ဗီလာကိုပဲ အငှားချထားခဲ့ပါတယ်။ ဒီလို အသင်းအတွင်း ခံစစ်ကစားသမား (၃)ဦးထိ လက်လွတ်ခဲ့ရတဲ့ ဆီဗီလာဟာ ဗဟိုခံစစ် ကစားသမားတစ်ဦးဖြစ်တဲ့ မာချာအိုကို ဂါလာတာစာရေးကနေ ခေါ်ယူခဲ့သလို အခုလည်း မန်ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ တဲလက်စ်နဲ့ ဘိုင်လီတို့ကိုပါ ထပ်မံ ခေါ်ယူချင်လာခဲ့ပါတယ်။

Photo Credit : Manchester Evening

နာမည်ကြီး ဘောလုံးအပြောင်းအရွှေ့ဆိုင်ရာ ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ဆီဗီလာအသင်းက ဘရာဇီးလ် ဘယ်နောက်ခံကစားသမား တဲလက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် တဲလက်စ်ရဲ့ ကလပ်အသင်း မန်ယူနိုက်တက်နဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေ လုပ်ဆောင်နေပြီး အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့လည်း တွန်းအားပေး ဆောင်ရွှက်နေတယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်အသင်းဟာလည်း နွေဈေးကွက်ထဲမှာ နယ်သာလန် ဘယ်နောက်ခံလူ တိုင်လာမာလာစီယာကို ခေါ်ယူထားခဲ့သလို အသင်းမှာက နောက်ထပ် left-back ကစားသမားအဖြစ် လုခ်ရှောပါ ရှိနေသေးတာကြောင့် တဲလက်စ်ရဲ့ အနာဂတ်က ဝေဝါးလာခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဘယ်ခြမ်း ခံစစ်မှူးတစ်ဦး အလိုရှိနေတဲ့ ဆီဗီလာက တဲလက်စ်ကို ခေါ်ယူချင်လာခဲ့တာ ဖြစ်သလို ဘာစီလိုနာကို ပြောင်းရွှေ့သွားတဲ့ ခွန်ဒဲရဲ့ နေရာအတွက်ကိုလည်း တဲလက်စ်ရဲ့ အသင်းဖော် ဘိုင်လီနဲ့ပါ အစားထိုးချင်နေတယ်လို့ AS သတင်းစာက ဖော်ပြလာခဲ့ပါတယ်။ မက်ဂွိုင်းရား ဗာရန်း လင်ဒီလော့တို့အပြင် ကစားသမားသစ် မာတီနက်ဇ်ပါ ရှိလာခဲ့တဲ့ မန်ယူနိုက်တက်ရဲ့ center-back မှာ နေရာပျောက်ဖို့ သေချာနေရတဲ့ ဘိုင်လီကို ဖူလ်ဟမ်အသင်းဘက်က တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပေမယ့် ဆီဗီလာနဲ့ ဘိုင်လီရဲ့ ဆရာဟောင်း မော်ရင်ဟိုရှိရာ ရိုးမားအသင်းတို့ကပါ အပြိုင် အလိုရှိနေကြပါတယ်။

Exit mobile version