ရီးယဲလ်မက်ဒရစ်အသင်း အသင်းရဲ့ ဘယ်ခြမ်း ခံစစ် နေရာအတွက် လီဗာပူးလ် ဘယ်နောက်ခံလူ အန်ဒီရောဘတ်ဆန်ကို စိတ်ဝင်စားနေသလို အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အေစီမီလန် ဘယ်နောက်ခံကစားသမား သီအိုဟာနန်ဒက်ဇ်ကိုလည်း ချိန်ရွယ်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : DayFR Euro

ပြင်သစ်လက်ရွေးစင် ဘယ်နောက်ခံလူ ဟာနန်ဒက်ဇ်ဟာ အသက်(၉)နှစ်အရွယ်မှာပဲ အသက်လက်တီကိုမက်ဒရစ် လူငယ် အကယ်ဒမီကို joined ခဲ့ပြီး ၂၀၁၇ခုနှစ်မှာတော့ အသက်လက်တီကိုရဲ့ မြို့ခံကလပ် ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ အဲ့ဒီရာသီမှာတော့ ဟာနန်ဒက်ဇ်က ရီးယဲလ်အတွက် ပြိုင်ပွဲစုံ (၂၃)ပွဲ ပါဝင်ခဲ့ပေမယ့်လည်း (၁၂)ပွဲသာ ပွဲထွက် ကစားသမားအဖြစ်သာ ကစားခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း (၁)ပွဲပဲ ပွဲထွက် ကစားသမားအဖြစ် ကစားခဲ့ရပါတယ်။ နောက်ရာသီမှာ ဟာနန်ဒက်ဇ်က ဆိုစီဒက်အသင်းဆီ အငှား သွားကစားခဲ့ရာ ခြေစွမ်းပြသနိုင်ခဲ့လို့ ၂၀၁၉ခုနှစ်မှာပဲ အေစီမီလန်က သူ့ကို ရီးယဲလ်ကနေ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။

Photo Credit : Football Espana

မီလန်ကို ရောက်ရှိသွားတဲ့ ဟာနန်ဒက်ဇ်က မီလန်မှာ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ၂၀၂၁ခုနှစ်မှာတော့ ပြင်သစ် လက်ရွေးစင်အသင်းအတွက် စတင် ရွေးချယ်ခံလာရပါတယ်။ အခုဆိုရင် ဟာနန်ဒက်ဇ်က မီလန်အတွက် ပွဲပေါင်း (၁၅၀)ကျော်အထိ ကစားထားခဲ့ပြီး အသင်းကိုလည်း ပြီးခဲ့တဲ့ ရာသီတုန်းက စီးရီးအေ ချန်ပီယံ ဖြစ်အောင်ပါ စွမ်းဆောင်ထားနိုင်ခဲ့သလို ဥရောပက left-back player တွေထဲမှာလည်း ကလပ်အသင်းကြီးတွေ စိတ်ဝင်စားရတဲ့ ကစားသမား ဖြစ်လာခဲ့ရပါတယ်။

လက်ရှိမှာတော့ ဟာနန်ဒက်ဇ်ကို သူရဲ့အသင်းဟောင်း ရီးယဲလ်က အသင်းဆီ ပြန်လည် ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ တကယ်တော့ ရီးယဲလ်ဟာ လီဗာပူးလ်ရဲ့ ဘယ်နောက်ခံလူ ရောဘတ်ဆန်ကို ဦးစားပေး ခေါ်ယူချင်နေတာ ဖြစ်ပေမယ့် ရောဘတ်ဆန်က လီဗာပူးလ်မှာပဲ ဆက်လက် ရှိနေနိုင်တာမို့ သူတို့ရဲ့ ကစားသမားဟောင်း ဟာနန်ဒက်ဇ်ကိုသာ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။