မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မိုရာတာ ကူညာ ဂျာအိုဖီးလစ်တို့နဲ့ အပြောင်းအရွေ့သတင်းတွေ ထွက်ပေါ်ခဲ့သလို အခုလည်း အသက်လက်တီကို တောင်ပံကစားသမား ကာရက်စ်ကို ကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sports Illustrated

ယူနိုက်တက်အသင်းဟာ အခုနှစ် နွေဈေးကွက်အတွင်း တိုက်စစ်ပိုင်း အားဖြည့်ပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့ စီစဉ်ထားပေမယ့်လည်း အခုအချိန်ထိ တိုက်စစ်ကစားသမားတွေ တစ်ဦးမှကို မခေါ်ယူနိုင်သေးပဲ ကစားသမားတွေကိုသာ ဆက်လက် ချိန်ရွယ်နေရပါတယ်။ ဒီလို ချိန်ရွယ်နေတဲ့ ကစားသမားထဲမှာ ဘယ်လ်ဂျီယံ တောင်ပံတိုက်စစ် ကစားသမား ယန်းနစ်ကာရက်စ်ကိုပါ ပါဝင်လာခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ်ပါ ရှိနေတယ်လို့ သိရပါတယ်။

Image

Photo Credit : Twitter

အသက်(၂၈)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံကစားသမား ကာရက်စ်ကိုဟာ လီဂူးကလပ် မိုနာကိုအသင်းမှာ စီနီယာကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး ၂၀၁၅ခုနှစ်မှာ အသက်လက်တီကိုအသင်းဆီ ရောက်ရှိလာခဲ့သလို အသင်းနဲ့ (၃)ရာသီ ဖြတ်သန်းပြီးနောက် အသင်းအတွက် ပွဲပေါင်း (၁၀၀)ကျော် ကစားခဲ့ပြီး အသင်းနဲ့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲနိုင်ခဲ့ပေမယ့်လည်း ၂၀၁၈ခုနှစ်မှာပဲ တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ပရိုအသင်းဆီ အံ့အားသင့်စဖွယ် ရောက်ရှိသွားခဲ့ရပါတယ်။ ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်မှာ တရုတ်စူပါလိဂ်ဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ကာရက်စ်ကိုဟာ ဒါလီယန်အသင်းနဲ့ (၂)နှစ် ဖြတ်သန်းပြီးနောက်မှာ ဥရောပဘောလုံးနယ်ပယ်အတွင်းကို ပြန်လည် ဝင်ရောက်လာချင်ပြီး အဲ့ဒီအချိန်မှာကတည်းက ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ကာရက်စ်ကိုက သူ့အသင်းဟောင်း အသက်လက်တီကိုဆီသာ ပြန်ရောက်သွားခဲ့ရပါတယ်။ ဘယ်ခြမ်းတောင်ပံ ဘယ်ခြမ်းကွင်းလယ် နေရာတွေမှာ ကစားတတ်ပြီး wing-back အဖြစ်ပါ ကစားတတ်တဲ့ ကာရက်စ်ကိုဟာ အသက်လက်တီကိုအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်ပြီး လာလီဂါ အဖွင့်ပွဲမှာလည်း အသင်းအတွက် အရန်ကစားသမားအဖြစ်နဲ့သာ ကစားထားခဲ့ရတာကြောင့် ယူနိုက်တက်ရဲ့ ချိတ်ဆက်မှုကို ကာရက်စ်ကိုဘက်က စိတ်ဝင်စားလာဖွယ် ရှိန်ိုင်ပါတယ်။