MySport Myanmar

လာမယ့် ၂၀၂၅မှာ အလွန်ဆိုရော ဖလော်ရီယန်ဝစ်ဇ်ကိုပါ ခေါ်ယူသွားမယ့် ရီးယဲလ်

ရီးယဲလ်မက်ဒရစ်အသင်းကတော့ လာမယ့်နှစ် ၂၀၂၅ခုနှစ်ထဲမှာ လေဗာကူဆင် နည်းပြဖြစ်သူ ဇာဘီ အလွန်ဆိုနဲ့ လေဗာကူဆင်အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေးဖြစ်တဲ့ ဖလော်ရီယန်ဝစ်ဇ်တို့ နှစ်ဦးလုံးကို သူတို့အသင်းဆီ ခေါ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီရာသီမှာ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဂျုဒ့် ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ကြေး ယူရို (၁၀၃)သန်းအထိ ပေးချေပြီး ခေါ်ယူခဲ့တဲ့ ရီးယဲလ်အသင်းဟာ အခုလည်း လေဗာကူဆင်နဲ့ ဘွန်ဒက်စ်လီဂါမှာ တောက်ပခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်ကိုပါ မျက်စိကျလာခဲ့ပါတယ်။

Photo Credit : Football Transfer

အသက် (၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဂျာမနီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဖလော်ရီယန်ဝစ်ဇ်ဟာ ကိုလုံးလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၀မှသာ လေဗာကူဆင် လူငယ်အသင်းဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

နှစ်အနည်းငယ်လေးအတွင်းမှာပဲ ဖလော်ရီယန်ဝစ်ဇ်ဟာ တဖြည်းဖြည်းနဲ့ လေဗာကူဆင်ရဲ့ အရေးအပါဆုံး ကစားသမား ဖြစ်လာခဲ့ရပြီး အခုဆို လေဗာကူဆင်အတွက် ပြိုင်ပွဲစုံ (၁၄၉)ပွဲအထိ ကစားထားပြီးချိန် (၄၁)ဂိုးသွင်း (၄၉)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ဖလော်ရီယန်ဝစ်ဇ်က လေဗာကူဆင်ကို ဘွန်ဒက်စ်လီဂါဖလား ရယူပေးထားနိုင်သလို (၁၈)ဂိုးသွင်း (၁၉)ဂိုး ဖန်တီးထားနိုင်ပါတယ်။

Photo Credit : FC Barcelona Noticias

ဖလော်ရီယန်ဝစ်ဇ်ကို ပိုပြီး အရောင်တင်ပေးခဲ့ပြီး ပိုမို တောက်ပလာအောင် ကူညီပေးခဲ့တဲ့ နည်းပြ အလွန်ဆိုဟာလည်း ဒီနှစ်ပိုင်းလေးအတွင်းမှာပဲ သူရဲ့ နည်းပြ အရည်အသွေးကောင်းတွေကို ပြသထားနိုင်တာကြောင့် သူ့ကိုလည်း ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေက အပြိုင်အဆိုင် စိတ်ဝင်စားလာကြပါတယ်။

အလွန်ဆိုကိုရော ဖလော်ရီယန်ဝစ်ဇ်ကိုပါ စိတ်ဝင်စားကြတဲ့ ကလပ်အသင်းတွေက များပြားလာခဲ့ပေမယ့် အလွန်ဆိုရော ဖလော်ရီယန်ဝစ်ဇ်ပါ လာမယ့်ရာသီအထိ လေဗာကူဆင်မှာပဲ ဆက်ရှိနေသွားမှာဖြစ်လို့ လာမယ့် ၂၀၂၅မှသာ ဒီဆရာတပည့်နှစ်ဦးကို ရီးယဲလ်အသင်းက တစ်ခါတည်း အရ ခေါ်ယူသွားဖို့ စီစဉ်ထားပါတယ်။

Exit mobile version