MySport Myanmar

အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်များနဲ့ ဘိုင်ယန်မြူးနစ်

ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းက ဒီရာသီ ဘွန်ဒစ်လီဂါမှာ အထင်ကြီးလောက်စရာ performance မျိုး မပြသထားနိုင်ပေမယ့်လည်း ဥရောပဘက်မှာတော့ သူတို့ရဲ့ စွမ်းဆောင်မှုက အံ့မခန်း လက်ဖျားခါလောက်စရာ ဖြစ်နေရပါတယ်။

Photo Credit : Twitter

ဘိုင်ယန်က ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဘာစီလိုနာ အင်တာမီလန်တို့လို ဒိတ်ဒိတ်ကြဲ ကလပ်အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ဘာစီလိုနာကိုရော အင်တာမီလန်ကိုပါ အိမ်ကွင်း အဝေးကွင်း (၄)ပွဲလုံး တစ်ဂိုးမှတောင် ပြန်လည် ခွင့်ပြုခဲ့ရခြင်း မရှိပဲ အနိုင်ယူခဲ့ပါတယ်။ ဘိုင်ယန်က အုပ်စုထဲက အားအနည်းဆုံး အသင်းဖြစ်တဲ့ ချက်ကလပ် ဗစ်တိုးရီးယားပယ်လ်ဇန်ကိုသာ အဝေးကွင်းမှာ (၂)ဂိုး ပြန်ခွင့်ပြုခဲ့ရပြီး အုပ်စုတွင်း ပွဲအားလုံးကို အနိုင်ရခဲ့ပါတယ်။

Photo Credit : Twitter

အုပ်စုဗိုလ်နေရာနဲ့ ရှုံးထွက်အဆင့်ကို တတ်လှမ်းခဲ့တဲ့ ဘိုင်ယန်ဟာ (၁၆)သင်းအဆင့်မှာတော့ လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းနဲ့ ထိပ်တိုက် တွေ့ဆုံလို့နေပြီး မက်ဆီ နေမာ ဘာပေတို့လို ကမ္ဘာ့ အကောင်းတကာ့ အကောင်းဆုံး ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရာ နှစ်ကျော့စလုံးပါ အနိုင်ယူသွားခဲ့ပြန်ပါတယ်။ ပီအက်စ်ဂျီကို နှစ်ကျော့ပေါင်းရလဒ် (3-0) နဲ့ အနိုင်ယူ ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် အဆင့်ဆီ တတ်လှမ်းသွားခဲ့ရပါတယ်။

Photo Credit : Twitter

ဒီလို ဥရောပမှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသထားနိုင်တဲ့ ဘိုင်ယန်က ကွာတားဖိုင်နယ်မှာ ဘယ်အသင်းနဲ့ ထပ်မံ ရင်ဆိုင်သွားရမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် (၈)ပွဲကစားထားပြီးချိန် (၈)ပွဲလုံး နိုင်ပွဲရထားပြီး (၇)ပွဲအထိတောင် clean sheets ရယူထားနိုင်တာက တကယ့်ကို လက်ဖျားခါလောက်စရာပါ။ ဒါကြောင့် ဘိုင်ယန်အနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်မှာ ဒီပုံစံအတိုင်း ဘယ်လောက်အထိ ခရီးနှင်နိုင်မလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်

Exit mobile version