အီတလီ စီးရီးအေပြိုင်ပွဲရဲ့ နာမည်ကြီးအသင်း တစ်သင်းဖြစ်တဲ့ လာဇီယိုအသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး အမ်မိုဘိုင်းလီ ကတော့ ၂၀၁၉-၂၀၂၀ ရာသီ ဥရောပ ရွှေဖိနပ်ဆုကို ရရှိဖို့အတွက် သေချာသလောက်နီးပါး ရှိနေပြီလို့ သိရပါတယ်။ အသက် ၃၀အရွယ် အီတလီ ဝါရင့် တိုက်စစ်မှူး အမ်မိုဘိုင်းလီဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ လာဇီယိုအသင်းနဲ့ ဘရက်စီယာ အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပြီး အဆိုပါ သွင်းဂိုးကြောင့်ပဲ အမ်မိုဘိုင်းလီရဲ့ လက်ရှိ ဘောလုံးရာသီရဲ့ စီးရီးအေ သွင်းဂိုးဟာ ၃၅ဂိုးအထိ ရှိလာခဲ့ကာ အမ်မိုဘိုင်းလီဟာ စီးရီးအေပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုနဲ့ ဥရော ရွှေဖိနပ် ဆုတို့ကို တစ်ပြိုင်နက်ထဲ ရယူသွားနိုင်ချေ ရှိနေပါတယ်။

Photo Credit: ESPN

အသက်၃၀အရွယ် အီတလီ တိုက်စစ်မှူး အမ်မိုဘိုင်းလီဟာ လက်ရ​ှိ ဘောလုံးရာသီမှာ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲ က တစ်ဦးအဖြစ် ခြေစွမ်းပြနေနိုင်သူ ဖြစ်ပြီး စီးရီးအေပွဲစဉ် ၃၆ပွဲ ပါဝင် ကစားပေးထားရာမ​ှာ ၃၅ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ၉ဂိုး ဖန်တီးပေးထားနိုင်သူပဲ ဖြစ်ပါတယ်။ အမ်မိုဘိုင်းလီဟာ စီးရီးအေပြိုင်ပွဲမှာ သွင်းဂိုး ၃၅ဂိုးအထိ သွင်းယူခဲ့တာကြောင့် ဥရောပမှာ နာမည်အကြီးဆုံး ဆုတွေထဲက တစ်ခုဖြစ်တဲ့ ဥရောပ ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ သေချာသလောက် ဖြစ်သွားခဲ့ပြီး သူဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးသွင်းစက် လီဝန်ဒေါစကီး ၊ ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုတို့ကို ကျော်ဖြတ်ကာ အဆိုပါဆုကို ရယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။

 

 

Photo Credit: ESPN

အီတလီ စီးရီးအေပြိုင်ပွဲဟာ လက်ရှိအချိန်မှာ ပွဲစဉ် ၃၈ တစ်ပွဲထဲသာ ကစားရဖို့ ကျန်ရှိတော့ပေမယ့် အမ်မိုဘိုင်းလီဟာ သွင်းဂိုး ၃၅ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဥရောပ ရွှေဖိနပ်ဆုကို ရယူနိုင် မယ့် ဂိုးသွင်းအများဆုံး ကစားသမား စာရင်းမှာ ထိပ်ဆုံး နေရာကို ရောက်ရှိနေပါတယ်။ အမ်မိုဘိုင်းလီရဲ့ အောက်မှာတော့ လီဝန်ဒေါစကီး ဟာ သွင်းဂိုး ၃၄ဂိုးနဲ့ ဒုတိယနေရာကနေ လိုက်ပါနေခဲ့ပြီး တတိယနေရာမှာတော့ စီရိုနယ်ဒိုက သွင်းဂိုး ၃၁ဂိုးနဲ့ ရှိနေခဲ့ပါတယ်။

Photo Credit: ESPN

လက်ရှိမှာ ဂျာမန် ဘွန်ဒက်လီဂါပြိုင်ပွဲဟာ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် လီဝန်ဒေါစကီးရဲ့ သွင်းဂိုးတွေဟာ ရပ်တန့် သွားပြီ ဖြစ်သလို တတိယနေရာမှာ ရှိတဲ့ ရိုနယ်ဒိုနဲ့ အမ်မိုဘိုင်းလီတို့ရဲ့ ကြားမှာ သွင်းဂိုး ကွာဟချက်ဟာ ၄ဂိုးအထိ ရှိနေတာကြောင့် နောက်ဆုံးပွဲစဉ်မှာ အမ်မိုဘိုင်းလီက သွင်းဂိုး မသွင်းယူနိုင်ခဲ့ရင်တောင် အမ်မိုဘိုင်းလီကို ကျော်ဖြတ်ပြီး ဥရောပ ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ ရိုနယ်ဒိုဟာ သွင်းဂိုး ၅ဂိုးအထိ သွင်းယူနိုင်ဖို့ လိုအပ်ပါတယ်။ စီးရီးအေပြိုင်ပွဲလို ခံစစ် အသားပေး ကစားဟန်ရှိတဲ့ ပြိုင်ပွဲတစ်ခုမှာ တစ်ပွဲထဲနဲ့ သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ဖို့ဟာ မလွယ်ကူသလို အမ်မိုဘိုင်းလီဟာလည်း သူ့ရဲ့ သွင်းဂိုးတွေကို ဆက်လက် ရရှိဖို့ ရှိနေတာကြောင့် အမ်မိုဘိုင်းလီ ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ဥရောပ ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ ကျိန်းသေနေပြီလို့ သုံးသပ်လိုက်ပါရစေ….။