အီတလီ စီးရီးအေ နာမည်ကြီးကလပ် လာဇီယိုအသင်းရဲ့ အဓိက တိုက်စစ်မှူး အမ်မိုဘိုင်းလီဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မာဆေးလ် ၂-၂ လာဇီယို ယူရိုပါလိဂ်ပွဲစဉ်မှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် လာဇီယိုအသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၁နှစ် အရွယ် အီတလီ လက်ရွေးစင် တိုက်စစ်မှူး အမ်မိုဘိုင်းလီဟာ ၂၀၁၆ခုနှစ်မှာ လာလီဂါကလပ် ဆီဗီးလားအသင်း ကနေ လာဇီယိုအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၉.၅သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အဆိုပါအချိန်မှ စတင်ကာ အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး ဖြစ်လာသလို အီတလီအသင်း အတွက် အားကိုးရတဲ့ တိုက်စစ်မှူးလည်း ဖြစ်လာခဲ့ပါတယ်။

Photo Credit: Laziali

အမ်မိုဘိုင်းလီဟာ ၅နှစ်တာ ကာလ အတွင်းမှာ လာဇီယိုအသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၃၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၆၀ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄၅ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့သူပါ။

ယခင်က လာဇီယိုအသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမားဟာ ဂန္တဝင် တိုက်စစ်မှူးကြီး ဆယ်ဗီယို ပီအိုလာ (၁၅၉ဂိုး) ဖြစ်ပြီး ယခုအချိန်မှာတော့ အမ်မိုဘိုင်းလီက ပီအိုလာရဲ့ စံချိန်ကို ၁ဂိုးအသာနဲ့ ကျော်ဖြတ်ကာ လာဇီယိုအသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။

Photo Credit: Laziali

အမ်မိုဘိုင်းလီဟာ လာဇီယိုအသင်းနဲ့အတူ အီတာလျံ စူပါဖလား ၂ကြိမ်နဲ့ အီတာလျံဖလား ၁ကြိမ်တို့ကို အရယူထားနိုင်ပြီး စီးရီးအေ ရွှေဖိနပ်ဆု ၂ကြိမ်နဲ့ ယူရိုပါလိဂ် ရွှေဖိနပ်ဆု ၁ကြိမ်တို့ကိုလည်း လာဇီယိုအသင်းမှာ ကစားရင်း ရရှိခဲ့ကာ လက်ရှိမှာတော့ လာဇီယိုအသင်းရဲ့ ပရိသတ်တွေက အမ်မိုဘိုင်းလီကို သက်ရှိ ဂန္တဝင် ကစားသမား အဖြစ် သတ်မှတ်ထားကြပါတယ်။