အခုကာလဟာ ဇန်နဝါရီလ တနည်းအားဖြင့် ဆောင်းရာသီ ဘောလုံးသမားအပြောင်းအရွှေ့ကာလ ဖြစ်နေတာကြောင့်မို့ ကစားသမားတချို့ရဲ့ အပြောင်းအရွှေ့တွေကို မြင်တွေ့နိုင်သလို ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မယ့် ကစားသမားတွေကလည်း သူတို့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေနဲ့ လွတ်လပ်စွာ ဆွေးနွေးမှုတွေကို လုပ်ဆောင်တတ်ကြတာကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဒီလို အပြောင်းအရွှေ့ကိစ္စတွေကို ပြည်ပကလပ်အသင်း(မိမိပါဝင်ကစားနေတဲ့ လိဂ်ပြိုင်ပွဲရဲ့ ကလပ်အသင်းတွေကလွဲပြီး)တွေနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်တဲ့ ကစားသမားတွေထဲမှာ အိုလီဗာဂျရူးလည်း ပါဝင်နေပါတယ်။

Photo Credit : Eurosport

အသက်(၃၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ဝါရင့်တိုက်စစ်ကစားသမားကြီးဂျရူးဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူရဲ့ကလပ်အသင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းမှာကလည်း သူ့ထက် အသက်ငယ်ရွှယ်ပြီး ပွဲထွက်ကစားခွင့် အခွင့်အရေးတွေ ပိုမိုရနိုင်တဲ့ တီမိုဝါနာနဲ့ တမ်မီအေဘရာဟမ်တို့လို တိုက်စစ်ကစားသမားတွေ ရှိနေတဲ့အတွက် ဂျရူးကိုယ်တိုင်က အခုဆောင်းစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ ကောလဟာလတွေ ထွက်ပေါ်လာတဲ့အပြင် ဒီယေဂိုကော်စတာကို လက်လွတ်လိုက်ရတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းကလည်း ကော်စတာနေရာမှာ ဂျရူးကို ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်နေပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် ဂျရူးကတော့ ချယ်လ်ဆီးအသင်းမှာပဲ ဆက်လက်ကစားချင်နေတယ်ဆိုတာကို Sky Sports နဲ့ အင်တာဗျူးမှာ အရိပ်အမြွက် ပြောဆိုသွားခဲ့ပါတယ်။ ဂျရူးက “သေချာတာပေါ့။ ကျွန်တော်ဒီအသင်းမှာ ပျော်ရွှင်နေသလို အသင်းအတွက် သွင်းဂိုးတွေ ရယူပေးနေရတာကိုလည်း ဝမ်းမြောက်မိပါတယ်။ ကွင်းထဲမှာ ဝင်ရောက်ကစားနေရချိန်ဆို ကျွန်တော်က အားလုံးထဲမှာ အပျော်ဆုံးလူတစ်ယောက်လို ဖြစ်နေတတ်တယ်။ လာမယ့်လအနည်းငယ်အတွင်းမှာ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ကျွန်တော်တို့တွေ စောင့်ကြည့်သွားရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်ရဲ့အမြင့်မားဆုံးစွမ်းဆောင်ရည်တွေကို ဆက်လက်ထိန်းသိမ်းထားချင်ပါတယ်။ ကွင်းအတွင်းမှာ ပါဝင်ကစားရခြင်းမရှိတဲ့အချိန်မှာလည်း အသင်းရဲ့ တစိတ်တပိုင်းဖြစ်နေအောင် ကြိုးစားချင်ပါတယ်။ ဒီအသင်းအတွက် အကောင်းဆုံးဆိုတာကိုပဲ ပေးသွားချင်ပါတယ်။ နောက်ပြီး အသင်းရဲ့လူစာရင်းနဲ့လည်း ဒီနှစ်ရာသီအတွင်း အောင်မြင်မှုတစ်ခုခုကို အရယူနိုင်လိမ့်မယ်ဆိုတာကိုလည်း ကျွန်တော်ယုံကြည်နေမိတယ်။ ဒီတိုင်းလေး ဆက်ပြီးသွားချင်နေသလို လက်ရှိပုံစံကိုလည်း ဆက်ထိန်းထားချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။