အင်တာမီလန်အသင်းရဲ့နည်းပြ အန်တိုနီယိုကွန်တီကတော့ မနေ့ညက ကျင်းပသွားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ ဆီဗီလာအသင်းကို (၃)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး အသင်းအတွက် မေဂျာဖလားတစ်လုံးကို မရယူနိုင်ပေးနိုင်ခဲ့တဲ့အတွက် သူနဲ့အသင်းရဲ့ကြားမှာ ရှေ့ဆက်လက်တွဲသွားဖို့ဆိုတာက မသေချာတော့ပဲ လာမယ့်ရက်ပိုင်းအတွင်းမှာတော့ အသင်းတာဝန်ရှိသူတွေနဲ့အတူ အစည်းအဝေးလုပ်ရင်းနဲ့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တစ်ခုခု ဆုံးဖြတ်ချက်ချသွားမယ်လို့ ကွန်တီက ရှင်းလင်းပြောဆိုလိုက်ပါတယ်။

Photo Credit : Bein Sports

ယူရိုပါလိဂ်ဖိုင်နယ်မတိုင်ခင် လပိုင်းလောက်အလိုကတည်းက အင်တာနည်းပြကွန်တီဟာ အသင်းတာဝန်ရှိသူတွေရဲ့စီမံခန့်ခွဲမှုတွေကို မနှစ်သက်တဲ့အတွက် ရာသီအကုန်မှာပဲ အသင်းနဲ့လမ်းခွဲဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသလို အခုလည်း အသင်းအတွက် ဒီရာသီရဲ့တစ်ခုတည်းသော ဖလားမျှော်လင့်ချက်ကိုလည်း လက်တစ်ကမ်းအလိုကျမှ အရမယူပေးနိုင်ခဲ့တဲ့အတွက် အင်တာမီလန်အသင်းဘက်ကနေလည်း ကွန်တီကို ရာထူးကနေ ထုတ်ပယ်သွားဖွယ် ရှိနေတာဖြစ်ပါတယ်။

Photo Credit : Daily Mail

အနာဂတ်နဲ့ပတ်သက်ပြီး ကွန်တီက “ကျွန်တော်တို့တွေ နောက်တစ်ပတ်လောက်ကျရင် အသင်းနဲ့အတူ အစည်းအဝေးတစ်ခု လုပ်ဆောင်သွားမယ်။ အဲ့ဒီမှာပဲ ကျွန်တော်ရဲ့အနာဂတ်ကို ဆုံးဖြတ်ချက်ချကြပါလိမ့်မယ်။ လာမယ့်ရာသီမှာ ကျွန်တော့်ကို အင်တာနည်းပြအဖြစ် ဆက်လက်မြင်တွေ့ရဖို့က မသေချာတော့ပါဘူး။ ဒါပေမယ့် ဆုံးဖြတ်ချက်ကိုတော့ ကျွန်တော်တို့အားလုံးရဲ့စိတ်ဆန္ဒတိုင်း အကောင်အထည်ဖော်သွားပါမယ်။ အင်တာဘက်ကတော့ ကျွန်တော်ပါဝင်ဦးမယ့်(ဒါမှမဟုတ်လည်း) ကျွန်တော်မပါဝင်နိုင်တော့တဲ့ အနာဂတ်အတွက် အစီအစဉ်တွေ ချမှတ်ရမှာပေါ့” လို့ ပြောဆိုသွားခဲ့ပါတယ်။ ကွန်တီဟာ အီတလီစီးရီးအေပြိုင်ပွဲ ပြီးဆုံးခဲ့ချိန်တုန်းက အင်တာမီလန်အသင်းရဲ့ဒါရိုက်တာတွေ လုပ်ပုံကိုင်ပုံနဲ့ပတ်သက်ပြီး “ကစားသမားတွေနဲ့ နည်းပြတွေရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးကို အသင်းဘက်ကနေ အသိအမှတ်ပြုပေးခဲ့တယ်လို့ကို ကျွန်တော်မခံစားမိဘူး။ အသင်းဘက်ကနေ ကျွန်တော်တို့အားလုံးအတွက် ကာကွယ်မှုဆိုတာက နည်းနည်းလေးပဲ ရရှိခဲ့တာ။ ပြောရရင် ဘာမှမရသလိုပါပဲ။ ရေပန်းစားနေတဲ့ အလုပ်တစ်ခုထဲကို ဝင်ရောက်လာခဲ့မယ်ဆိုရင် အဲ့အလုပ်ရဲ့ကောင်းတာရော ဆိုးတာကိုရောပါ အတူခံစားရမှာပဲလေ။ အင်တာမှာတော့ အဲ့လိုမဟုတ်ဘူး။ ဒီလို ထုတ်ပြောရတဲ့အတွက်လည်း ကျွန်တော်စိတ်မကောင်းပါဘူး”လို့ ဝေဖန်ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။