မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်ဖိုဒ့်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ရာသီကြိုခြေစမ်းပွဲအတွင်းမှာ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲဆီကို တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ ဝက်ဖိုဒ့်အသင်းက လာမယ့်ရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်ထားခဲ့တဲ့ စပါးအသင်းကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် စပါးအသင်းရဲ့ခြေစမ်းပွဲ(၃)ပွဲဆက်တိုက် အနိုင်ရခဲ့မှုက ရပ်တန့်ခဲ့ရပေမယ့် ဒီရှံးပွဲကြောင့် ဝမ်းနည်းနေစရာမလိုဘူးလို့ စပါးအသင်းရဲ့နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုကနေ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Football Addict

စပါးအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ရာသီကြိုခြေစမ်းပွဲတွေကို ယှဉ်ပြိုင်ကစားနေတာဖြစ်ပြီး အစ်ဝပ်ချ်တောင်း ရက်ဒင်းနဲ့ ဘာမင်ဂမ်စီးတီး (၃)သင်းလုံးကို အနိုင်ယူခဲ့ကာ ဝက်ဖိုဒ့်နဲ့ပွဲစဉ်ကျမှ ရှံးပွဲတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဝက်ဖိုဒ့်အသင်းကလည်း စပါးကို ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ (၂)ဂိုးပြတ်နဲ့ စတင်ဦးဆောင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှသာ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က စပါးအတွက် ချေပဂိုးတစ်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလို ရှံးပွဲက အသင်းအတွက် စိုးရိမ်စရာနဲ့ ဝမ်းနည်းစရာမဟုတ်ကြောင်းကို မော်ရင်ဟိုကနေ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Evening Standard

မော်ရင်ဟိုက “ကျွန်တော်အနေနဲ့တော့ ဒီပွဲက အပြုသဘောဆောင်ခဲ့တယ်လို့ပဲ ပြောချင်ပါတယ်။ မိနစ်အနည်းငယ် ကစားဖို့လိုအပ်နေတဲ့ ကစားသမားတွေလည်း ကစားခွင့်ရခဲ့သလို တချို့ကစားသမားတွေလည်း ပွဲချိန်ပြည့်ကစားခဲ့ရပါတယ်။ နောက်ထပ် အပြုသဘောဆောင်တာကတော့ ဝက်ဖိုဒ့်အသင်းရဲ့ကြိုးစားအားထုတ်မှုပါပဲ။ ကျွန်တော်ဒါကို သဘောကျတယ်။ သူတို့က ယှဉ်ပြိုင်လိုစိတ်အပြည့်နဲ့ ကစားသွားတယ်။ သူတို့က ကျွန်တော်တို့အတွက် ကစားရခက်အောင် ကြိုးစားအားထုတ်သွားခဲ့တယ်။ ဒါက အရမ်းကောင်းပါတယ်။ အရှေ့ကခြေစမ်းပွဲ (၃)ပွဲလုံးကို အနိုင်ရထားခဲ့တဲ့အပေါ်မှာ ကျွန်တော်အရမ်း ဝမ်းမြောက်လို့မနေပါဘူး။ အနိုင်(၃)ပွဲက ကျွန်တော်တို့အတွက် ဘာရမှတ်မှ မပေးနိုင်တာ။ အခုဒီတစ်ပွဲ ရှံးနိမ့်ခဲ့ရခြင်းအပေါ်မှာလည်း ဝမ်းနည်းမနေမိပါဘူး။ ပထမပိုင်းပြီးဆုံးချိန်မှာတော့ ကျွန်တော် ကစားသမားတွေကို တစ်ခုမှာကြားခဲ့ပါတယ်။ တကယ်လို့များသာ ငါတို့တွေ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုရဲ့ ပထမပိုင်းမှာ အခုလိုသာ (၂)ဂိုးပြတ်နဲ့ အရေးနိမ့်မယ်ဆိုရင် ဒုတိယပိုင်းမှာ ငါတို့တွေ ရလဒ်ကို ပြန်ကောင်းလာနိုင်အောင် တိုက်ပွဲဝင်ရမယ်လို့ မှာကြားခဲ့တယ်။ တကယ်လည်း ဒုတိယပိုင်းမှာ ကျွန်တော်တို့ သွင်းဂိုးတွေ ပြန်ရနိုင်အောင် ကြိုးစားကစားနိုင်ခဲ့တယ်။ ဆွန်ကလည်း မီတာတစ်ရာလောက် မနားတမ်းပြေးလွှားနေခဲ့ပါတယ်။ တစ်ပွဲလုံးအနှစ်ချုပ်အရတော့ အားလုံးအဆင်ပြေပါတယ်” လို့ ပြောဆိုလာခဲ့ပါတယ်။