မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖိုဒ့်က လက်ရှိမှာ အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကြီးကို လိုက်ပါဆင်နွဲလျက် ရှိနေပေမယ့် အုပ်စုပွဲစဉ် (၃)ပွဲလုံးမှာ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ကစားနေရတဲ့အပြင် ပါဝင်ကစားခဲ့ရတဲ့ အချိန်တိုင်းမှာလည်း အသင်းအတွက် ထူးထူးခြားခြား စွမ်းဆောင်နိုင်ခြင်းမရှိပဲ ရုန်းကန်နေရတာဟာ နှစ်အစပိုင်းကတည်းက ရရှိထားခဲ့တဲ့ ဒဏ်ရာပြသာနာတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့်ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Guardian

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖိုဒ့်ဟာ ယူနိုက်တက်အတွက်ရော အင်္ဂလန်အသင်းအတွက်ပါ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ သူရဲ့သွင်းဂိုးစွမ်းရည် ကျဆင်းလာခဲ့ရသလို ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံမှာ (၂၁)ဂိုးအထိ သွင်းယူခဲ့ပေမယ့် ပရီးမီးယားလိဂ်အတွင်း သူရဲ့သွင်းဂိုးက (၃၇)ပွဲမှာ (၁၁)ဂိုးသာ ရှိခဲ့ရပါတယ်။ ဒါ့အပြင် ရပ်ရှ်ဖိုဒ့်ဟာ ၂၀၂၁ခုနှစ်အတွင်း ယူနိုက်တက်အတွက်ရော အင်္ဂလန်အသင်းအတွက်ပါ ပါဝင်ကစားခဲ့ရတဲ့ ပြိုင်ပွဲစုံ ပွဲပေါင်းများစွာအတွင်းမှာတောင် သွင်းဂိုး(၈)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့အထိကို သူရဲ့စွမ်းဆောင်ရည်က ကျဆင်းသွားခဲ့ရပါတယ်။

Photo Credit : Mirror

ရပ်ရှ်ဖိုဒ့်ဟာ ၂၀၂ဝခုနှစ် နှစ်အစောပိုင်းလောက်ကတည်းက နောက်ကျောဒဏ်ရာကြောင့် (၂)လနီးပါးလောက်အထိ အနားယူခဲ့ရသလို ပြီးခဲ့တဲ့ရာသီမှာလည်း ခြေချင်းဝတ်ဒဏ်ရာ ခြေထောက်ဒဏ်ရာတွေပါ ထပ်မံရရှိခဲ့ပြီး လက်ရှိမှာတော့ သူ့ကို အနှိပ်စက်ဆုံး ဖြစ်နေတာက ပခုံးဒဏ်ရာဖြစ်နေကာ အခုအချိန်ထိကို ဒီဒဏ်ရာဝေဒနာက ခံစားနေရသေးတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်က “အခုချိန် ကျွန်တော်ရဲ့ အကောင်းဆုံးခြေစွမ်းကို မပြသနိုင်သေးပါဘူး။ ဒါဟာ ရာသီအစပိုင်းကတည်းကကို ဖြစ်နေခဲ့ရတာပါ။ ဒီလိုအခြေအနေမျိုးနဲ့ ယူနိုက်တက်အသင်းနဲ့အတူ ဘောလုံးရာသီတစ်ရာသီကို ဖြတ်သန်းခဲ့ရတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်အနေနဲ့ ဂိုးပေါင်း(၃၆)ဂိုးလောက်အထိကို ပါဝင်ပတ်သတ်နိုင်ခဲ့တာကြောင့် ဒီလိုပုံစံမျိုး ထပ်မံစွမ်းဆောင်နိုင်ဖို့အတွက် အနားယူလိုက်သင့်တယ်ထင်တယ်ဆိုပြီး တွေးမိပါသေးတယ်။ ဒါပေမယ့် ဒါတွေက ကျွန်တော် ဂရုစိုက်တဲ့ အရာတွေမဟုတ်ပါဘူး။ ကျွန်တော်က ပွဲတိုင်းလိုလိုမှာပဲ ပါဝင်ကစားချင်နေတဲ့သူပါ” လို့ ပြောဆိုခဲ့သလို ယူရိုပြိုင်ပွဲပြီးဆုံးမှသာ သူရဲ့ပခုံးဒဏ်ရာ ခွဲစိတ်ဖို့အကြောင်းကို ဆရာဝန်တွေနဲ့ ဆွေးနွေးသွားမယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။