မနေ့ညက ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၄)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ဆုံးနေရတဲ့ ချယ်လ်ဆီးအသင်းဟာ အခုလို ရလဒ်ပိုင်း တိမ်းစောင်းမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အသင်းရဲ့နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က သူရဲ့ အသင်းသားတွေအနေနဲ့ မောပန်းန်ွမ်းနယ်မှုတွေ ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုလာခြင်းအပေါ် ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး အလန်ရှီးယားက ပြန်လည်ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်အပြီးမှာ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က “သွင်ဂိုး သွင်းယူပြီးနောက် အောင်ပွဲခံကြစဉ်မှာတောင် ကျွန်တော်တို့အသင်းသားတွေအနေနဲ့ ဘယ်လောက်ထိ ပင်ပန်းနွမ်းနယ်နေသလဲဆိုတာကို မြင်တွေ့နိုင်ပါတယ်။ သွင်းဂိုးတစ်ဂိုး ရရှိတဲ့အခါမှာ ကျွန်တော်တို့တွေ စိတ်သာသက်ခဲ့ရပေမယ့် အပြည့်အဝ ပျော်ရွှင်တာမျိုးတော့ မဖြစ်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ကစားသမားတွေအနေနဲ့ သူတို့ရဲ့ စွမ်းအားတွေကို ချွေတာနေရလို့ပါ” ဆိုပြီး ပြောဆိုလာခဲ့တဲ့အပေါ် အင်္ဂလန် တိုက်စစ်မှူးဟောင်းကြီး ရှီးယားက လက်မခံနိုင်ခဲ့ပဲ သူရဲ့ ထင်မြင်ချက်တွေနဲ့ တူဟယ်လ်ရဲ့ ပြောဆိုစကားကို ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football London

တူဟယ်လ် ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး ရှီးယားက “ကျွန်တော်ကတော့ ဒါကို လက်မခံနိုင်ပါဘူး။ အခုက ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးကလပ်အသင်းတိုင်းအတွက် အခက်ခဲဆုံး အချိန်တွေ ဖြစ်နေတယ်ဆိုတာကိုတော့ ကျွန်တော်နားလည်တယ်။ ဘောလုံး တစ်ခုတည်းမှာသာမကပဲ လူတိုင်းမှာပါ ခက်ခဲလွန်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါပေမယ့် သူ့အသင်းမှာ အဲ့ဒီညက ပေါင်သန်း(၂၀၀)လောက် တန်ဖိုးရှိနေတဲ့ အရန်ကစားသမားတွေ ရှိနေတာပဲ။ ကိုဗာဆစ် ဟားဗက်ဇ် ဗာနာ ပူလီဆစ်တို့ ရှိနေသလို စနေနေ့က ပါဝင်ကစားခွင့် အနည်းငယ်လေးပဲ ရခဲ့တဲ့ မေဆန်မောင့်ကိုလည်း ဒီပွဲမှာ နေရာပြန်ပေးခဲ့တယ်။ ဒီညမှာ မြင်ခဲ့ရတဲ့ စွမ်းဆောင်ရည်ကလည်း သေချာပေါက် ပင်ပန်းနေတဲ့ စွမ်းဆောင်ရည်ပုံစံမျိုး မဟုတ်ပါဘူး။ သူတို့ ပြသနေတဲ့ စွမ်းဆောင်ရည်က ယုံကြည်မှုအပိုင်း ရုန်းကန်နေရတဲ့ ပုံစံမျိုးသာ ဖြစ်နေရတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒါက ပင်ပန်းနွမ်းလျနေတယ်လို့ မထင်ပဲ ည့ံဖျင်းလွန်းတဲ့ စွမ်းဆောင်ရည်လို့ပဲ ကျွန်တော်ထင်မိပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။