ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ဝါရင့်ကစားသမားတစ်ယောကလည်းဖြစ်သလို အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ မနေ့ညက အိုင်ယာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသင်းအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အီရန်တိုက်စစ်မှူးကြီး အလီဒါယီရဲ့ သွင်းဂိုးစံချိန်ကို ကျော်လွန်ပြီး နိုင်ငံတကာသွင်းဂိုးအများဆုံး ဘောလုံးသမား(အမျိုးသား)အဖြစ် စံချိန်သစ်တစ်ခုကို ရေးထိုးသွားနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီ တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာကတည်းက သွင်းဂိုးတွေ သွင်းယူခဲ့ရင်း အလီဒါယီရဲ့ (၁၀၉)ဂိုးကို လိုက်မီနိုင်ခဲ့တာဖြစ်ပြီး အခု အိုင်ယာလန်နဲ့ပွဲမှာ သွင်းဂိုး(၂)ဂိုး ထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တဲ့အပြင် လက်ရွေးစင်အသင်းအတွက် ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးဟာလည်း (၁၁၁)ဂိုးအထိကို ရောက်ရှိသွားခဲ့ရပါတယ်။ ဒီလို စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ရခြင်းဟာ သူ့အတွက်တော့ တကယ့်ကို ဝမ်းမြောက်စရာတစ်ခု ဖြစ်စေခဲ့ရပြီး လက်ရွေးစင် အသင်းဖော်တွေနဲ့ ပြိုင်ဘက်ကစားသမားတွေကိုလည်း ကျေးဇူးတင်ကြောင်း နောက်ထပ်သွင်းဂိုးတွေလည်း ထပ်မံသွင်းယူဦးမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

သွင်းဂိုးစံချိန်တင်ခဲ့ပြီးနောက် ရော်နယ်လ်ဒိုက “ငါရဲ့ ဘောလုံးသမားဘဝတလျှောက် ရရှိပိုင်ဆိုင်နိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းတွေထဲမှာ ကံကောင်းထောက်မမှုတွေကတော့ အနည်းငယ် ရှိခဲ့ပါတယ်။ ဒီတစ်ခုကတော့ ငါ့အတွက် အရမ်းကို ထူးခြားစေခဲ့ပြီး ဒီအောင်မြင်မှုကလည်း ငါ့အတွက် တကယ့်ကို ဂုဏ်ယူစရာ ဖြစ်နေစေမှာပါ။ ပထမဆုံးအနေနဲ့ ငါရဲ့နိုင်ငံအတွက် ကိုယ်စားပြု ပါဝင်ကစားနေရချိန်မှာ ငါက ပေါ်တူဂီအတွက် ခုခံကာကွယ်ပေးဖို့နဲ့ ပေါ်တူဂီလူမျိုးတွေ ဘာတွေကို စွမ်းဆောင်နိုင်လဲဆိုတာကို ကမ္ဘာကိုသိအောင် ပြသဖို့ အာရုံစိုက်ထားတယ်။ ဒါက အရမ်းကောင်းတဲ့ အခိုက်အတန့်ပါပဲ။ နောက်တစ်ချက်ကတော့ နိုင်ငံတကာပြိုင်ပွဲတွေဆိုတာ ငါ့အပေါ်မှာ အရမ်းအကျိုးသက်ရောက်စေခဲ့တယ်။ ငယ်စဉ်တုန်းက ငါလေးစားအားကျခဲ့ရတဲ့ ဘောလုံးသမားကြီးတွေရဲ့ ပြိုင်ပွဲတွေကိုလည်း အားပေးခဲ့ရဖူးတယ်။ အခုဆိုရင်တော့ ငါ ပေါ်တူဂီအတွက် သွင်းဂိုး(၁၁၁)ဂိုးထိ သွင်းယူနိုင်ခဲ့ပြီ။ ဒါက နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ ရှိနေတဲ့ ပေါ်တူဂီနိုင်ငံသား သန်းပေါင်းများစွာအတွက်ပါပဲ။ ကျေးဇူးပါ ပေါ်တူဂီ။ ငါ့အတွက် မမေ့နိုင်စရာ ခရီးရှည်ကြီးအတွက်လည်း အသင်းဖော်တွေနဲ့ ပြိုင်ဘက်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကွင်းထဲမှာ ငါတို့တွေ ထပ်ဆုံကြမယ်။ ငါရဲ့သွင်းဂိုးတွေက လုံးဝရပ်တန့်သွားဦးမှာ မဟုတ်ဘူး” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။