MySport Myanmar

မန်ယူအတွက် ဂိုးတွေ အများကြီး သွင်းယူပေးသွားချင်တယ်လို့ ဗက်ဟို့စ် ဖွင့်ဟ

အခု ဆောင်းရာသီ အပြောင်းအရွေ့ ဈေးကွက်အတွင်းမှာ ဘန်လေအသင်းကနေ မန်ချက်စတာယူနိုက်တက်ဒ်အသင်းဆီ (၆)လအငှားစာချုပ်နဲ့ ပြောင်းရွေ့ရောက်ရှိလာခဲ့တဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဗက်ဟို့စ်က သူ့အနေနဲ့ ယူနိုက်တဒ်အသင်းအတွက် ဂိုးတွေ အများကြီး သွင်းယူးပေးသွားချင်တယ်လို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

Photo Credit : Premier League

ခရစ္စတီယာနိုရော်နယ်လ်ဒို အသင်းကနေ ထွက်ခွာသွားပြီးနောက် အထောင်တိုက်စစ်နေရာအတွက် ကစားသမားတစ်ဦးလောက် ပြန်လည် ခေါ်ယူဖို့ လိုအပ်လာခဲ့တဲ့ ယူနိုက်တက်ဒ်အသင်းဟာ no.(9) role နေရာမှာ ယာယီအဖြစ်နဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဗောက်ဗက်ဟို့စ်ကို အခုရာသီအကုန်အထိ အငှားနဲ့ ခေါ်ယူလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယူနိုက်တက်ဒ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဗက်ဟို့စ်ဟာ မန်ချက်စတာဒါဘီပွဲကို ဝင်ရောက်နိုင်ခြင်း မရှိခဲ့ရပေမဲ့လည်း ဒီကြားရက်မှာ ကစားရမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာတော့ ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

အသင်းနဲ့ ပွဲထွက်ကစားရတော့မယ့် ဗက်ဟို့စ်က “ကျွန်တော့်အတွက်ကတော့ မပြီးသေးပါဘူး။ အင်္ဂလန်မှာ လုပ်ရမယ့်ဟာတွေ အများကြီး ကျန်နေပါသေးတယ်။ မပြီးဆုံးသေးပါဘူး။ ပထမဆုံးအကြိမ်က ကျွန်တော် မျှော်လင့်ထားသလို မဖြစ်လာခဲ့ရပေမဲ့ အခုတစ်ကြိမ်မှာတော့ ကျွန်တော်က ဘယ်လို ကစားသမားလဲဆိုတာ ပြသဖို့နဲ့ အသင်းကို ကူညီသွားဖို့ အရမ်း ဆာလောင်နေပါပြီ။ ကျွန်တော် ဒီအသင်းအတွက် ဂိုးတွေ သွင်းယူချင်တာ သေချာပါတယ်။ ကျွန်တော်က တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး တိုက်စစ်မှူးတိုင်းလိုလိုဟာ ဂိုးတွေ သွင်းယူဖို့အတွက် ရှင်သန်နေကြတယ်ဆိုတာကိုလည်း ကျွန်တော် သိထားပါတယ်။ ပွဲရှိတဲ့ နေ့တွေမှာ ဂိုးတွေ သွင်းယူနိုင်ဖို့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကျွန်တော်တို့ အမြဲကြိုးစားရပါတယ်။ သွင်းဂိုးတွေက ကျွန်တော့် ဒီအသင်းအတွက် အလုပ်ဆောင်ပေးချင်ဆုံး အရာဆိုတာ သေချာပါတယ်။ ကျွန်တော့်အတွက် တိုက်စစ်မှူးတစ်ယောက်ဆိုတာ အဆုံးသတ်မှာ ဂိုးတွေ သွင်းယူနေဖို့ပါပဲ။ အသင်းကလည်း လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီး အသင်းအတွက်ကိုလည်း အကောင်းဆုံးဖြစ်အောင် ပံ့ပိုး ကူညီပေးသွားချင်ပါတယ်။ အသင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နိုင်အောင် ကျွန်တော် ကြိုးစားသွားပါမယ်” လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

Exit mobile version