လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ပီအက်စ်ဂျီအသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကစားတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေတဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေက လက်ရှိအချိန်မှာ သူအနေနဲ့ ပြင်သစ်မြေမှာသာ ပျော်ရွှင်လျက်ရှိနေပြီး ဒီနှစ်ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီမှာပဲ ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Sporting News

အသက်(၂၂)နှစ်အရွှယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ၂၀၁၇ခုနှစ်ကတည်းက မိုနာကိုကနေ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ သူရဲ့ပီအက်စ်ဂျီ ကစားသမားဘဝ ပဥ္စမမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတာဖြစ်ကာ သူရဲ့(၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ခုရဲ့ နောက်ဆုံးကာလကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဘာပေဟာ လက်ရှိအချိန်ထိ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းဖို့အတွက် ဆန္ဒမရှိသေးတဲ့အတွက် လာမယ့်ဆောင်းစျေးကွက်မှာ သူ့ကို အမှန်တကယ် အလိုရှိနေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့နိုင်ဖွယ် ရှိနေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြနေပေမယ့်လည်း ဘာပေက ဒီနှစ်ရာသီအတွင်း ပီအက်စ်ဂျီအသင်းမှာသာ ရှိနေမှာ ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။

Photo Credit : Republic World

ဘာပေက “ကျွန်တော်က ဒီမှာ ထူးခြားအံ့ခမန်းဖွယ်ရာ ဘောလုံးရာသီ(၅)ရာသီကို ဖြတ်သန်းခဲ့ရတယ်။ ဒီမှာ ရှိနေတဲ့ချိန် အချိန်တိုင်းကို အခွင့်ကောင်းရယူနိုင်ခဲ့ပြီး နောက်လည်း ဒါတွေကို ဆက်လက်လုပ်ဆောင်ချင်ပါတယ်။ ဒီမှာရှိနေချိန် ကွင်းအတွင်းမှာရော Personal Life မှာပါ ပျော်ရွှင်နေမိပါတယ်။ အခုကတော့ ကျွန်တော့်အတွက် စိန်ခေါ်မှုတွေ အများကြီးရှိနေပါပြီ။ ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်ပြောထားပြီးပါပြီ” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလို ဖြေဆိုလာခဲ့တဲ့ ဘာပေကို သတင်းမီဒီယာတွေက ဒီနှစ်ဘောလုံးရာသီအတွင်း လက်ရှိကလပ်မှာပဲ ဆက်လက်ရှိနေနိုင်မလားလို့ မေးမြန်းလာရာ “ကျွန်တော် ဒီမှာပဲ ရှိနေပါတယ်။ ဒီမှာပဲ ရှိနေတုန်းပါ။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဒီမှာပဲ ဆက်လက်ရှိနေဦးမှာပါ”လို့ ဘာပေက ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဘာပေရဲ့ စာချုပ်သက်တမ်းက (၆)လသာ ကျန်ရှိနေတော့တာကြောင့် ပီအက်စ်ဂျီဘက်ကနေလည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရရေးအတွက် သက်တမ်းတိုးနိုင်ဖို့ကိုပဲ ဆက်လက်ကြိုးပမ်းလျက် ရှိနေပါတယ်။