ပြီးခဲ့တဲ့ စနေနေ့က ကျင်းပသွားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ မာဆေးဆိုက်ဒါဘီပွဲစဉ်ရဲ့အစောပိုင်းမိနစ်အတွင်းမှာ ပြိုင်ဘက်ဂိုးသမား ဂျော်ဒန်ပစ်ဖိုဒ့်နဲ့ ထိခိုက်မိခဲ့ရင်းနဲ့ ပြင်းထန်လှတဲ့ ဒူးဒဏ်ရာကို ခံစားလိုက်ရတဲ့ လီဗာပူးလ်အသင်းရဲ့ အဓိကနောက်ခံကစားသမား ဗာဂျယ်ဗန်ဒိုက်ဟာ သူရဲ့ဒဏ်ရာကို ခွဲစိတ်ကုသရတော့မှာဖြစ်လို့ အနည်းဆုံး(၆)လလောက်အထိ အနားယူရသွားနိုင်ဖွယ်ရှိနေပေမယ့် ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာတော့ အရင်ကထက် ပိုကောင်းမွန်တဲ့ဗန်ဒိုက်ကို မြင်ရလိမ့်မယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : Sports Rush

အသက်(၂၉)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် နောက်ခံကစားသမားဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ မာဆေးဆိုက်ဒါဘီမှာ ပါဝင်ကစားခဲ့ရင်းနဲ့ ပစ်ဖိုဒ့်ရဲ့ ဆိုးရွှားလှတဲ့ ကစားပုံကြမ်းတမ်းမှုကြောင့် ဒူးမှာဒဏ်ရာရသွားခဲ့ကာ ဒီဒဏ်ရာဆိုးကြောင့် ဒီနှစ်ဘောလုံးရာသီတစ်ခုလုံးနီးပါးကို လွဲချော်ရဖွယ်တောင် ရှိနေပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ကလည်း ဂိုးသမားအယ်လီဆန်ကို ဒဏ်ရာကြောင့် အနားပေးထားရချိန်မှာ အသင်းရဲ့ထောက်တိုင်ကစားဖြစ်တဲ့ ဗန်ဒိုက်ကိုပါ ကာလရှည်ထပ်မံအနားပေးရတော့မှာဖြစ်လို့ အသင်းရဲ့ခံစစ်ပိုင်းအတွက် စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။

Photo Credit : Sky Sports

လက်ရှိလီဗာပူးလ်အသင်းရဲ့ ဗဟိုခံစစ်နေရာမှာ မာတစ် ဂျိုးဂိုးမက်ဇ်နဲ့ ကွင်းလယ်ကစားသမား ဖာဘင်ဟိုကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပေမယ့် ဗန်ဒိုက်လောက် လီဗာပူးလ်ခံစစ်တစ်ခုလုံးကို လွှမ်းမိုးထားနိုင်မှာ မဟုတ်သလို အယ်လီဆန်ရော ဗန်ဒိုက်ပါ မကစားနိုင်တော့တဲ့ ခံစစ်က တကယ်ကို စိုးရိမ်စရာကောင်းနေရပါတယ်။ ရှေ့လာမယ့်ပွဲစဉ်တွေမှာတော့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့က အသင်းရဲ့ခံစစ်ပိုင်းမှာ ဖာဘင်ဟိုနဲ့ မာတစ် ဂိုးမက်ဇ်နဲ့ မာတစ် စတဲ့အတွဲအဖက်တွေကို အသုံးပြုလာနိုင်ပြီး ဒီကစားသမား(၃)ဦးထဲက တစ်ယောက်ယောက်သာ ထပ်မံအနာတရ ဖြစ်ခဲ့မယ်ဆိုရင်တော့ အကယ်ဒမီထွက် ကစားသမားလေးတွေကို နေရာပေးလာဖွယ်ရှိပါတယ်။ ဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မယ့် ဗန်ဒိုက်က “ကျွန်တော်အခုတော့ ကျွန်တော်ရဲ့ဒဏ်ရာ ပြန်ကောင်းလာနိုင်ဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။ ဒဏ်ရာကနေ မြန်မြန်ပြန်ကောင်းလာပြီး အသင်းအတွက် အလျင်အမြန်ပြန်လည်ကစားပေးနိုင်ဖို့အတွက် လိုအပ်တဲ့ အရာမှန်သမျှကို ကျွန်တော်လုပ်ဆောင်သွားမှာပါ။ ဒီအခြေအနေက စိတ်ပျက်စရာကောင်းတယ်ဆိုပေမယ့်လည်း အခက်အခဲတွေကြားထဲမှာ အခွင့်အရေးတွေ ရှိနေလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ထးသလို ဘုရားသခင်ကလည်း ကျွန်တော့်ကို ယခင်ကထက် ပိုကြံခိုင်ပြီး စွမ်းဆောင်ရည်ပိုကောင်းတဲ့သူအဖြစ် ပြန်လည်နိုင်အောင် ကူညီလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ သူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။