MySport Myanmar

အင်တာမီလန်အသင်းနဲ့ အပတ်တိုင်း မကစားရလို့ ဝမ်းသာမိရတယ်လို့ ကလော့ပ် ပြောကြား

လီဗာပူးလ်အသင်းရဲ့ နည်းပြကြီး ယာဂန်ကလော့ပ်က မနေ့ညက အန်ဖီးလ်မှာ ရင်ဆိုင်ခဲ့ရတဲ့ အီတလီ စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းရဲ့ စွမ်းဆောင်ရည်တွေအပေါ် ချီးကျူးပြောဆိုလိုက်သလို သူတို့အသင်းအနေနဲ့လည်း အင်တာမီလန်အသင်းနဲ့ အပတ်တိုင်း တွေ့ဆုံနေရခြင်း မရှိတာက သူ့အတွက်တော့ ဝမ်းသာမိရတယ်လို့ပါ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : CBS Sports

ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ဆန်စီရိုမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့မှာပဲ အင်တာကို (၂)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး အန်ဖီးလ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယအကျော့မှာတော့ မာတီနက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ပြန်လည်အရေးနိမ့်ခဲ့ကာ နှစ်ကျော့ပေါင်းရလဒ် (၂)ဂိုး (၁)ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ရပါတယ်။ ရလဒ်ပိုင်းအရ အင်တာတို့ (၁၆)သင်းအဆင့်နဲ့ ကျေနပ်ခဲ့ရပေမယ့်လည်း ဒီရာသီအတွင်း အန်ဖီးလ်မှာ ပြိင်ပွဲစုံအတွင်း လုံးဝရှုံးပွဲမရှိသေးတဲ့ လီဗာပူးလ်ကို အနိုင်ကစားခဲ့တဲ့အပေါ် လီဗာပူးလ်နည်းပြ ကလော့ပ်ကိုယ်တိုင်က ချီးကျူးမှုတွေ လုပ်ဆောင်လာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : DigLogs

အင်တာမီလန်အသင်းနဲ့ ပတ်သက်ပြီး နည်းပြကလော့ပ်က “ကျွန်တော်တို့ အင်တာမီလန်ကို အပတ်တိုင်း ရင်မဆိုင်ရလို့ ဝမ်းသာမိရတယ်။ သူတို့က အရမ်းကိုမိုက်တဲ့ ပြိုင်ဘက်ကောင်းတွေပါ။ သူတို့က တိုက်ခိုက်ရေးသမားတွေ သူရဲကောင်းတွေလိုပဲ။ ကျွန်တော်တို့တွေ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေက ကျွန်တော်မျှော်လင့်ထားတာတွေနဲ့ တော်တော်လေးကို နီးစပ်ခဲ့ပါတယ်။ အင်တာမီလန်ကတော့ ဒီလိုပွဲမျိုးမှာ တကယ်ကို ကောင်းမွန်တဲ့ အသင်းမျိုး ဖြစ်ခဲ့ရတယ်။ ကောင်းကောင်းမွန်မွန် မကစားနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ ပြတ်ပြတ်သားသား အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒုတိယအကျော့မှာသူတို့အနိုင်ယူခဲ့ပေမယ့် ကျွန်တော်တို့က နောက်တစ်ဆင့်ကို တတ်လှမ်းခွင့် ရရှိခဲ့လို့ အဆင်ပြေခဲ့ရတယ်။ စိတ်မသက်မသာဖြစ်စေတဲ့ ပြိုင်ဘက်ကိုမှ ကျွန်တော်တို့တွေ ပိုကောင်းအောင် ယှဉ်ပြိုင်နိုင်ခဲ့တယ်။ ဒီပွဲက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တယ်။ အဆုံးသတ်မှာတော့ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပြီး ဒါက သိပ်မကောင်းဘူးဆိုတာ သိသာထင်ရှားပါတယ်။ ကျွန်တော်တို့တွေ အိမ်ကွင်းမှာ ရှုံးပွဲရဖို့ ဒီကို လာခဲ့တာ မဟုတ်ပါဘူး။ ပြိုင်ဘက်က ကျွန်တော်တို့အတွက် ပြသာနာတွေ ဖြစ်စေခဲ့တယ် ဆိုပေမယ့်လည်း ကျွန်တော်တို့ဘက်က အခွင့်အရေးတွေကိုသာ အသုံးချနိုင်ခဲ့မယ်ဆိုရင် ဒီပွဲကို အနိုင်ရမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version