လီဗာပူးလ်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား အဒမ်လယ်လာနာကတော့ အသင်းနဲ့ (၆)နှစ်တာအထိ လက်တွဲခဲ့ပြီးတဲ့နောက် သူရဲ့စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန် အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး ဘရိုက်တန်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့အတူ (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ လီဗာပူးလ်မှာ ပုံမှန်နေရာတွေ ပျောက်ဆုံးနေခဲ့တဲ့ လယ်လာနာအနေနဲ့ ဘယ်လိုအကြောင်းအရင်းတွေကြောင့် လီဗာပူးလ်အသင်းကနေ ထွက်ခွာခဲ့ရတာလဲဆိုတာကို talkSPORT အားကစားမီဒီယာနဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

လယ်လာနာက “အခုလက်ရှိ ကျွန်တော်ရဲ့ဘဝအခြေအနေအရ ကျွန်တော်ဟာ အမြဲတမ်းလိုလို သက်တောင့်သက်သာနဲ့ အဆင်ပြေတဲ့နေရာမှာပဲ ရှိနေတာမဟုတ်ပါဘူး။ ကျွန်တော်က အမြဲတမ်း ကိုယ့်ကိုကိုယ် တွန်းအားပေးနေပြီးတော့ တိုးတတ်မှုတွေရှိလာအောင် ကြိုးစားနေတဲ့သူပါ။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော်လေ့လာသင်ယူမိတာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ သင်ဘယ်နေရာကိုပဲ ရောက်နေရောက်နေ အောင်မြင်မှုတွေကို အရယူချင်တဲ့စိတ်မှာ အကန့်အသတ်မရှိဘူး ဆိုတာပါပဲ။ သင်က နေ့စဉ်နဲ့အမျှ ပိုကောင်းလာအောင် လုပ်နိုင်တယ်။ ကမ္ဘာပေါ်က ဘောလုံးသမားကောင်းတွေဆီမှာလည်း ဒီလိုခံယူချက်မျိုး ရှိနေတယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင် တွေ့ရှိခဲ့ဖူးတယ်”

Photo Credit : Sky Sports

“လူတွေက ဒီအပြောင်းအရွှေ့ကို ရဲရင့်တဲ့ဆုံးဖြတ်ချက်လို့ မြင်ကြမယ်။ ကျွန်တော်ကိုယ်တိုင်ကျတော့ အားလုံးကို တွက်ချက်ပြီးမှ ပြောင်းရွှေ့တာလို့မြင်မယ်။ ဒါပေမယ့် တကယ်တမ်းကတော့ ဒီအပြောင်းအရွှေ့က ပြီးပြည့်စုံတဲ့ အပြောင်းအရွှေ့ပါ။ ဘရိုက်တန်အသင်းအတွက် ကျွန်တော်က ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုမဟုတ်ပဲနဲ့ ရည်မှန်းချက်ကြီးမားတဲ့ အသင်းကောင်းတစ်သင်းဆီကို ရောက်ရှိလာတဲ့ ကျွန်တော်အတွက်သာ ကြီးမားတဲ့ အပြောင်းအရွှေ့ ဖြစ်နေတာပါ။ ဒီအသင်းရဲ့တစိတ်တပိုင်းအဖြစ်နဲ့ အကောင်းဆုံးရှေ့ဆက်သွားဖို့ကိုလည်း ကျွန်တော်စိတ်ပိုင်းဖြတ်ထားပါတယ်။ ကျွန်တော်ဒီအသင်းရဲ့ အရည်အသွေးကို မြင်ပြီးသားပါ။ နည်းပြနဲ့ရော အသင်းဥက္ကဌနဲ့ရော အသင်းရဲ့အားကစားဒါရိုက်တာနဲ့ပါ စကားပြောဆိုခဲ့ပြီးပါပြီ။ သူတို့မှာ အစီအစဉ်ကောင်းတွေ ရှိနေသလို ပရောဂျက်ကောင်းတွေလည်း ရှိလို့နေပါတယ်။ ကျွန်တော်ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေရတာ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လယ်လာနာဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၇၈)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့တဲ့ ကွင်းလယ်ကစားကွက် ဖန်တီးရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။