MySport Myanmar

ယူနိုက်တက်အသင်း အမှားလုပ်ခဲ့တာကို ပြသသွားမယ်လို့ ဆိုလိုက်တဲ့ ပေါလ်ပေါ့ဘာ

မကြာသေးခင်ကမှ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့တဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ လက်ရှိမှာ နောက်ထပ် အသင်းသစ်တစ်သင်းကို ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေသလို Amazon Prime မှတ်တမ်းရုပ်ရှင်ထဲမှာလည်း ယူနိုက်တက်ဘက်က သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်လိုက်တာ မှားယွင်းကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football365

အသက်(၂၉)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာဟာ ယူနိုက်တက်အသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်နိုင်ခဲ့ရပေမယ့် ယူနိုက်တက်ဘက်က စာချုပ်သက်တမ်းတိုးဖို့ မကမ်းလှမ်းခဲ့ပဲ ပေါ့ဘာက ဂျုဗင်တပ်စ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ရသလို အခုလည်း ယူနိုက်တက်က သူ့ကို စာချုပ်ထပ်တိုးဖို့ မကမ်းလှမ်းခဲ့ပဲ အသင်းကနေ ဒီတိုင်းသာ လက်လွတ်ခဲ့တယ်လို့ ပေါ့ဘာက ပြောဆိုလာခဲ့ပါတယ်။ ဒီလို အသင်းကနေ free transfer နဲ့ လက်လွတ်ခဲ့တာ မှားယွင်းကြောင်း သက်သေပြသွားမယ်လို့လည်း ပေါ့ဘာက ထပ်လောင်း ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး ပေါ့ဘာက “ကျွန်တော်ရဲ့ တွေးခေါ်မှုကတော့ မန်ချက်စတာယူနိုက်တက်က ကျွန်တော့်ကို စာချုပ်သစ်ချုပ်ဆိုဖို့ စောင့်ဆိုင်းနေရာကနေ သူတို့ အမှားတစ်ခု လုပ်သွားမိတယ်ဆိုတာကို ပြသသွားဖို့ပါပဲ။ ကျွန်တော့်ကို မန်ချက်စတာယူနိုက်တက်ဘက်က စာချုပ်သစ် မကမ်းလှမ်းတာဟာ အမှားတစ်ခုကို လုပ်မိတာပဲဆိုတာ တခြားကလပ်အသင်းတွေကိုပါ မြင်သာအောင် ပြသသွားမယ်။ ခင်ဗျားရဲ့ ကစားသမားတစ်ယောက်ကို ဘာမှ ကမ်းလှမ်းမှု တစ်စုံတစ်ရာ မပြုလုပ်ပဲ တကယ်ကို အလိုရှိနေပါတယ်လို့ ဘယ်လိုများ ပြောနိုင်မလဲ။ ဒီလိုမျိုးလည်း ဘယ်တော့မှ မမြင်ဖူး မကြုံဖူးဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ၂၀၁၆ခုနှစ်ကမှ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်အသင်းဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ ပေါ့ဘာဟာ အသင်းနဲ့ (၆)နှစ်တာအထိ ဖြတ်သန်းပြီးနောက်မှာ ပွဲစဉ်ပေါင်း (၂၂၆)ပွဲ ကစားပြီး (၃၉)ဂိုး သွင်းယူနိုင်ခဲ့သလို အသင်းနဲ့လည်း ယူရိုပါလိဂ်ဖလား လိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုတော့ free agent ကစားသမားတစ်ဦး ဖြစ်သွားရတဲ့ ပေါ့ဘာဟာ လက်ရှိမှာလည်း သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းဆီကိုသာ ပြန်လည်ပြောင်းရွှေ့ဖွယ် ရှိနေပြီး လစာကိစ္စ ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး ပြောင်းရွှေ့နိုင်ဖို့က သေချာသလောက်ကို ရှိနေရပါတယ်။

Exit mobile version