လက်ရှိ အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပြီး ချယ်လ်ဆီး အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်းတစ်ယောက်လည်းဖြစ်တဲ့ ဘယ်ဂျီယံတိုက်စစ်မှူး ရိုမယ်လူလ်လူကာကူက သူအနေနဲ့ အသင်းဟောင်း ချယ်လ်ဆီးအသင်းမှာ ပါဝင်ကစားနေစဉ်အတွင်း သူ့ကို ဘယ်ဂျီယံ နာမည်ကျော်ကလပ် အန်ဒါလက်ချ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီ ခေါ်ဆောင်ခဲ့တဲ့ နည်းပြဟောင်း အန်ဒရီဗီလာဘိုအာစ်ကို ချန်ပီယံလိဂ် လူစာရင်းကိစ္စရပ်နဲ့ပတ်သက်ပြီး လုံးဝခွင့်မလွှတ်နိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ သူအသက်(၁၉)နှစ်အရွှယ်မှာပဲ အန်ဒါလက်ချ်ကနေ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့ကို ပေါ်တူဂီလူမျိုးနည်းပြ ဘိုအာစ်ကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုအာစ်က ဆယ်ကျော်သက်အရွှယ်သာရှိသေးတဲ့ လူကာကူကို အသင်းရဲ့ ချန်ပီယံလူစာရင်းမှာ ထည့်သွင်းထားခြင်းမရှိခဲ့ပဲ အဲ့ဒီနှစ်မှာလည်း ချယ်လ်ဆီးအသင်းက တိုက်တိုက်ဆိုင်ဆိုင် ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတဲ့ လူကာကူမှာ ပြိုင်ပွဲကနေ ရရှိမယ့် ဆုတံဆိပ်ကို မပိုင်ဆိုင်နိုင်ခဲ့တာကြောင့် ဘိုအာစ်အပေါ်မှာ ဒေါသထွက်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Daily Mail

လူကာကူက ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး “ဒီမက်တီယိုက(အဲ့ဒီအချိန် ချယ်လ်ဆီးက ဘိုအာစ်ကို ထုတ်ပယ်ပြီး အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေထဲမှာ ပါဝင်နေတဲ့ ဒီမက်တီယိုကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်) ကျွန်တော့်ကို ဖိုင်နယ်ပွဲပြီးသွားတဲ့အထိ အသင်းနဲ့ အတူတူရှိနေဖို့ ပြောဆိုပေးခဲ့ပါတယ်။ သူကတော့ ဒီလိုအချိန်အခါမျိုးမှာ ကစားသမားတွေအားလုံး ရှိနေသင့်တယ်ပေါ့။ ပွဲပယ်ခံထားရတဲ့ ကစားသမားတွေရော ချန်ပီယံလိဂ်လူစာရင်းမှာ ထည့်သွင်းမခံရသူတွေရော အားလုံးအတူရှိနေရမယ် သူကစီစဉ်ခဲ့တာ။ အဲ့ဒီအတွက်လည်း သူ့ကို ကျွန်တော်ကျေးဇူးအရမ်းတင်မိပါတယ်။ ဒါ ကျွန်တော် စိတ်ကူးအိမ်မက်ထဲက အရာတစ်ခု လက်တွေ့ဖြစ်လာခဲ့သလိုပါပဲ။ အသက်(၁၉)နှစ်သာရှိသေးတဲ့ အဲ့ဒီညက တကယ့်ကို မမေ့နိုင်စရာပဲ။ အသင်းသားတွေ ပျော်ရွှင်နေရပေမယ့်လည်း ကျွန်တော့်ကို ပျော်ရွှင်မှုတွေ အပြည့်အဝမရအောင် လုပ်ဆောင်ထားခဲ့သူလည်း ရှိနေပါသေးတယ်။ သူကတော့ အရင်နည်းပြဟောင်းပါ။ ဒါ့အတွက် ကျွန်တော်သူ့ကို ဘယ်တော့မှ ခွင့်လွတ်နိုင်မှာမဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။