ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းက ရီးရဲလ်အသင်းကို အကောင်းဆုံးအချိန်မှာရော အဆိုးဆုံးအချိန်မှာပါ ကြိုးစားကိုင်တွယ်နေတာဖြစ်ပေမယ့်လည်း ဘောလုံးလောကထဲက ကလပ်အသင်းတစ်သင်းကို နှစ်ပေါင်းများစွာ ကိုင်တွယ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်လိုတော့ အသင်းကို နှစ်ရှည်ကြာမြင့်စွာ ကိုင်တွယ်ဖို့က သူအနေနဲ့တော့ မသေချာနိုင်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Mirror

ဇီဒန်းဟာ ရီးရဲလ်အသင်းမှာ ကစားသမားတစ်ယောက်အဖြစ်နဲ့ရော နည်းပြတစ်ယောက်အဖြစ်နဲ့ပါ ကျင်လည်ခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေကိုလည်း များစွာရယူခဲ့သူဖြစ်ပါတယ်။ အသင်းအတွက် ချန်ပီယံလိဂ်ဖလားကို (၃)ရာသီဆက်တိုက် ရယူပေးနိုင်ခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ အသင်းရဲ့ ရလဒ်တွေက မတည်မငြိမ် ဖြစ်နေရတာကြောင့် သူရဲ့နည်းပြရာထူးမှာလည်း တော်တော်လေးကို လှုပ်ခတ်ခဲ့ရပေမယ့် အသင်းကို ဆီဗီလာနဲ့ လာလီဂါပွဲ မိုချန်ဂလာဘတ်နဲ့ ချန်ပီယံလိဂ်ပွဲ (၂)ပွဲဆက်တိုက် အနိုင်ရယူပေးခဲ့တာကြောင့် ဖိအားဒဏ်တွေကနေ အနည်းငယ်လွတ်ကင်းသွားနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Ace Football

ဇီဒန်းက “ကျွန်တော်ကတော့ မက်ဒရစ်ရဲ့ဖာဂူဆန်တစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်လိမ့်မှာ မဟုတ်ပါဘူး။ ဒါကတော့ သေချာတယ်။ ကျွန်တော် ဒီမှာ ဘယ်လောက်ကြာကြာ ဆက်ပြီးရှိနေရမလဲဆိုတာကိုလည်း ကျွန်တော်မသိဘူး။ ဒီအကြောင်းကိုလည်း ကျွန်တော်မစဉ်းစားဘူး။ ကျွန်တော်အနေနဲ့ ရီးရဲလ်လိုအသင်းမျိုးမှာ ရှိနေရတာကလည်း အရမ်းကို ကံကောင်းလွန်းပါတယ်။ အရမ်းကို ခက်ခဲလွန်းနေတဲ့ အချိန်ကာလမျိုးမှာတောင် ကျွန်တော်ပျော်ရွှင်နေမိတယ်။ ကျွန်တော်အနေနဲ့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ နေထိုင်နေရတာလည်း အချိန်အတော်ကြာမြင့်နေပါပြီ။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်ကတော့ ရီးရဲလ်နည်းပြအဖြစ် အချိန်ကြာကြာ ဆက်လက်လုပ်ကိုင်ချင်ပါသေးတယ်။ မနေ့ညက ပွဲမှာတော့ ကျွန်တော်တို့တွေ ပွဲကို သတိထားကစားခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဂလာဘတ်က ရလဒ်တွေကို အပြောင်းအလဲ လုပ်နိုင်စွမ်းရှိတဲ့ အသင်းဖြစ်နေလို့ပါပဲ။ ဒီပွဲအတွက် ကျွန်တော့်ကစားသမားတွေကို ဘာပြောခဲ့သလဲဆိုတာကိုတော့ ကျွန်တော်ပြန်ပြောနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီနေ့ညမှာ ကွင်းအတွင်း ပြသနိုင်ခဲ့တဲ့ ခြေစွမ်းတွေနဲ့ပတ်သက်ပြီး အသင်းသားတွေအားလုံး ဂုဏ်ယူနေရမှာတော့ သေချာပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ မနေ့ညက မိုချန်ဂလာဘတ်ကို ဘန်ဇီမာရဲ့သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တာကြောင့် အုပ်စု(B)ရဲ့ အုပ်စုဗိုလ်နေရာနဲ့ (၁၆)သင်းအဆင့် ရှုံးထွက်အဆင့်ပြိုင်ပွဲဆီကို တတ်လှမ်းနိုင်ခဲ့ရပါတယ်။