MySport Myanmar

“မက်ဆီ ဒဏ်ရာရခဲ့ရင် မင်းကို သတ်မယ် အော်တာမန်ဒီ” လို့ သတိပေးလိုက်တဲ့ အဂွဲရိုး

အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဆာဂျီယိုအဂွဲရိုးက ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေကြတဲ့ အာဂျင်တီးနား အသင်းဖော်တွေဖြစ်တဲ့ မက်ဆီ အော်တာမန်ဒီတို့နဲ့ ပတ်သတ်ပြီး အော်တာမန်ဒီအနေနဲ့ မက်ဆီကို ထိခိုက်ဒဏ်ရာ မရသွားစေဖို့ ဂရုစိုက် ကစားဖို့ လိုအပ်တယ်လို နောက်ပြောင်ကျီစယ်ပြီး သတိပေးသွားခဲ့ပါတယ်။

Photo Credit : Daily Mail

မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းနဲ့ အော်တာမန်ဒီရဲ့ ဘင်ဖီကာအသင်းတို့ဟာ ချန်ပီယံလိဂ် အုပ်စု(H)မှာ အတူကျရောက်နေကြတာဖြစ်ပြီး နောက်ခံလူ အော်တာမန်ဒီက အရင်ကတည်းက ကစားပုံ ကြမ်းတမ်းတတ်တဲ့ ခံစစ်ကစားသမားတစ်ဦးလည်း ဖြစ်တာကြောင့် ပီအက်စ်ဂျီနဲ့ ဘင်ဖီကာတို့ တွေ့ဆုံချိန်မှာ အော်တာမန်ဒီအနေနဲ့ မက်ဆီအပေါ် ကစားပုံ ကြမ်းကြမ်းနဲ့ ကစားလာမှာကို အဂွဲရိုးက စိုးရိမ်နေတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် မဲခွဲပြီးနောက် အဂွဲရိုးက “ပီအက်စ်ဂျီ ဂျုဗင်တပ်စ် ဘင်ဖီကာ။ အော်တာမန်ဒီက ဘင်ဖီကာအသင်းမှာ ရှိနေတာကြောင့် သူ မက်ဆီနဲ့လည်း ထိပ်တိုက် တွေ့ရပါလိမ့်မယ်”

Photo Credit : Daily Mail

“မက်ဆီကို ထိခိုက်ဒဏ်ရာ မရစေနဲ့ အော်တာရေ။ မင်းသာ သူ့ကို ဒဏ်ရာရစေခဲ့ရင် မင်းကို ငါလာသတ်ရလိမ့်မယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲလည်း လာတော့မှာ” လို့ သူရဲ့ twitch live ကနေ ကျီစယ်တဲ့သဘောနဲ့ သတိပေးသွားခဲ့ပါတယ်။ အဂွဲရိုးက အော်တာမန်ဒီအနေနဲ့ ချန်ပီယံလိဂ်မှာ မက်ဆီ တစ်ဦးတည်းနဲ့သာ ရင်ဆိုင်ရမှာ မဟုတ်ပဲ နောက်ထပ် လက်ရွေးစင် အသင်းဖော် ဒီမာရီယာနဲ့ပါ ရင်ဆိုင်ရဦးမှာဖြစ်လို့ သူရဲ့ ကစားပုံကို သတိပေး ကစားပေးဖို့ပါ ထပ်လောင်း သတိပေးခဲ့ပါတယ်။ အဂွဲရိုးနဲ့ အော်တာမန်ဒီတို့နှစ်ဦးဟာ အာဂျင်တီးနားအသင်းမှာသာမကပဲ မန်စီးတီးအသင်းမှာပါ တွဲဖက်ကစားခဲ့ဖူးသူတွေဖြစ်လို့ အော်တာမန်ဒီအကြောင်းကို တခြားကစားသမားတွေထက် ပိုမို နားလည်ထားတာ ဖြစ်သလို အော်တာမန်ဒီ ကိုယ်တိုင်ကလည်း ပြိုင်ဘက်အသင်းရဲ့ ကစားသမားတွေအပေါ် ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်ကစားတတ်သူဖြစ်လို့ ကမ္ဘာ့ဖလားမတိုင်ခင် လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဆီနဲ့ ဒီမာရီယာတို့ ဒဏ်ရာအနာတရ ဖြစ်လာမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုလန် မက္ကဆီကို ဆော်ဒီအာရေဗျအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပြီး ဒီတစ်ကြိမ် world cup က အာဂျင်တီးနားရဲ့  legend player မက်ဆီအတွက် နောက်ဆုံးအကြိမ် world cup ဖြစ်လာနိုင်သလို အာဂျင်တီးနားအသင်းအနေနဲ့ ကိုပါအမေရိကဖလား Finalissima ဖလား (ဥရောပ-တောင်အမေရိကချန်ပီယံဖလား)တို့ကို ရရှိထားပြီးနောက် ၁၉၈၆ခုနှစ်နောက်ပိုင်းကတည်းက အလှမ်းဝေးသွားခဲ့တဲ့ ကမ္ဘာ့ဖလားကိုပါ ပြန်လည် ဆွတ်ခူးချင်နေပါတယ်။

Exit mobile version