MySport Myanmar

စပါးနဲ့ပွဲစဉ်မှာ အသင်းက ဘောလုံးတွေ အလွယ်တကူ ဆုံးရှုံးခဲ့ရတယ်လို့ ဂန်ဒိုဂန်ပြောဆို

စနေနေ့ညရဲ့ နောက်ဆုံးသော ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားခဲ့ကြတဲ့ မန်စီးတီးအသင်းနဲ့ စပါးအသင်းတို့ရဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံလည်းဖြစ် အမှတ်ပေးဇယားထိပ်ဆုံးက အသင်းလည်းဖြစ်တဲ့ မန်စီးတီးအသင်းကို လတ်တလော ရလဒ်တွေ တောက်လျှောက်ဆိုးရွှားနေတဲ့ စပါးအသင်းက အဝေးကွင်းမှာ နိုင်ပွဲရယူခဲ့ပြီး ဒီရာသီမှာ မန်စီးတီးကို အိမ်ကွင်းရော အဝေးကွင်းမှာပါ အနိုင်ယူနိုင်တဲ့ ကလပ်အသင်း ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Twitter

ပြိုင်ပွဲစုံမှာ ရလဒ်တွေ ဆက်တိုက်ကောင်းမွန်နေပြီး တိုက်စစ်ကလည်း သွင်းဂိုးတွေမြူးနေတဲ့ မန်စီးတီးက သူတို့ရဲ့အိမ်ကွင်း Eithad မှာ စပါးအသင်းကို (၂)ဂိုး (၃)ဂိုးနဲ့ အရေးနိမ့်လိုက်ရချိန် သူတို့အသင်းနဲ့ အမှတ်ပေးဇယား ဒုတိယနေရာက လီဗာပူးလ်အသင်းတို့ကြား ရမှတ်ကွာဟချက်တွေ ကျဉ်းမြောင်းသွားခဲ့ရတာကြောင့် ဒီရာသီရဲ့ အမှတ်ပေးချန်ပီယံဆုအတွက် အားပြိုင်မှုတွေကို ပြန်လည်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ မန်စီးတီးဟာ အိမ်ကွင်းမှာ စပါးကို ဘောလုံးပြိုင်ဆိုင်မှုအသာ ထိုးဖောက်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ဘောလုံးဆုံးရှုံးမှုတွေကနေ ဧည့်သည်အသင်းက အခွင့်အရေး ရယူနိုင်ခဲ့တာကြောင့် အခုလို ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ စီးတီးရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂန်ဒိုဂန်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ဂန်ဒိုဂန်က “ကျွန်တော်တို့တွေအနေနဲ့ ပွဲစဉ်အတွင်း ဘောလုံးတွေ ဆုံးရှုံးရတဲ့ အခါတိုင်းမှာ သတိထားရလိမ့်မယ်လို့ ပွဲမစတင်ခင် မှာကြာထားခဲ့တာကို ကျွန်တော် မှတ်မိနေသေးတယ်။ သွင်းဂိုး(၃)ဂိုးလုံးမှာလည်း သူတို့ကို ဂိုးသွင်းဖို့အတွက် ဖိတ်ခေါ်လိုက်သလို ဖြစ်သွားရတယ်လို့တောင် ခံစားမိခဲ့ရတယ်။ ကျွန်တော်တို့တွေက ဘောလုံးတွေကို လွယ်လင့်တကူနဲ့ကို ဆုံးရှုံးလိုက်ရပါတယ်” လို့ ညည်းတွားပြောဆိုသွားခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင် ကွင်းလယ်လူ ဂန်ဒိုဂန်ဟာ စပါးနဲ့ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ပထမချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့် အသင်းက ဧည့်သည်စပါးအသင်းဘက်ကို အခွင့်အရေးတွေ ပေးခဲ့မိတဲ့အတွက် အခုလို ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဥရောပဝင်ခွင့်အတွက် အရေးပါတဲ့ နိုင်ပွဲကို ပိုင်ဆိုင်လိုက်ရတဲ့ စပါးအသင်းအတွက် အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းရဲ့ သွင်းဂိုး(၂)ဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်က သူရဲ့အသင်းဖော် ဟာရီကိန်းလို မယုံကြည်စရာကောင်းလှတဲ့ တိုက်စစ်မှူးမျိုးနဲ့ တွဲဖက်ကစားရတဲ့အပေါ် ဂုဏ်ယူမိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version