တောင်အမေရိက ဘောလုံးသမားတွေကို သည်းခြေကြိုက် ခေါ်ယူလေ့ရှိတဲ့ စပိန်အင်အားကြီး အသင်းနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ လက်ရှိမှာ ဘရာဇီးလ်နိုင်ငံကနေ ထွန်းလင်းလာတဲ့ ကြယ်ပွင့်တစ်ဦးကို ခေါ်ယူဖို့အတွက် အပြိုင် ကြိုးပမ်းနေကြတယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ကာကာလက်သစ်လို့ တင်စားခြင်းခံထားရတဲ့ ဆော်အိုပေါ်လိုအသင်းရဲ့ ကွင်းလယ်လူ ဂိုမက်စ် ကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင် ကြိုးပမ်းလာကြတာဖြစ်ပြီး ဂိုမက်စ်ကတော့ လက်ရှိမှာ ဆော်အိုပေါ်လိုအသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လို့နေသူပါ။

Photo Credit: Mirror.com

အသက်၂၁နှစ်အရွယ် ဂိုမက်စ်ဟာ ကွင်းလယ် တိုက်စစ်ပိုင်းမှာ နေရာယူ ကစားလေ့ရှိသူ တစ်ဦး ဖြစ်ကာ ဘောလုံးခင်းပေးမှုတွေ ၊ အပိုင် ဂိုးသွင်းခွင့်တွေ ဖန်တီးပေးနိုင်မှု ၊ တစ်ဖက် အသင်းရဲ့ တိုက်စစ်လမ်းကြောင်းကို ကြားကနေ ဖြတ်တောက်နိုင်စွမ်းတို့ ရှိပြီး အေစီမီလန် အသင်းနဲ့အတူ ကမ္ဘာ့အကောင်းဆု​ံး ကစားသမားဆုကို ရရှိခဲ့ဖူးတဲ့ ကာကာလက်သစ်လို့ ဘရာဇီးလ်သတင်းဌာနတွေကြားထဲမှာ ရေပန်းစားသူတစ်ဦးပါ။ ဂိုမက်စ်ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းထံကို အကြောင်းကြားခဲ့သူကတော့ ဘာစီလိုနာခံစစ်မှူးဟောင်းလဲဖြစ် ၊ လက်ရှိအချိန်မှာ ဂိုမက်စ်ရဲ့ အသင်းဖော်လဲ ဖြစ်တဲ့ ညာနောက်ခံလူ ဒန်နီအဲဗက်ဖြစ်တယ် လို့ ဘာစီလိုနာနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောကြားထားခဲ့ပြီး အဲဗက်က ဂိုမက်စ်ဟာ ဘာစီလိုနာရဲ့ ကစားပုံကို ပြောင်းလဲစေမယ့် ကစားသမားလို့ ယုံကြည်နေကြောင်း သိရပါတယ်။

Photo Credit: Mirror.com

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ​ ဘာစီလိုနာအသင်းဟာ ဆော်အိုပေါ်လိုအသင်းထံကို ဂိုမက်စ်နဲ့ ပတ်သတ်ပြီး စုံစမ်းမှုတွေ လုပ်ထားကြောင်း သိရှိရပြီး တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ အပြောင်းအရွှေ့မှာ တာဝန်ရှိသူတချို့ကို ဘရာဇီးလ်နိုင်ငံထံ စေလွှတ်ထားကာ ဂိုမက်စ်ရဲ့ မိသားစုဝင်တွေကို ချဉ်းကပ်နေပါတယ်။ ဆော်အိုပေါ်လိုအသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရတော့ ဂိုမက်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင်၄၀သန်းရှိပြီး ဘာစီလိုနာအသင်းကရော ရီးရဲလ်မက်ဒရစ်အသင်းကပါ အဆိုပါ စာချုပ် ဖျက်သိမ်းကြေးကို ပေးချေဖို့ အသင့်ရှိနေတယ် လို့ သိထားရပြီး ဂိုမက်စ်အနေနဲ့ကတော့ ဘရာဇီးလ်သား အများစုရှိတဲ့ ရီးရဲလ်မက်ဒရစ် အသင်းထံကို ပိုမို ပြောင်းရွှေ့လိုနေကြောင်း သိထားရပါတယ်။