ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ တရုတ်စူပါလိဂ် ကလပ်အသင်းဖြစ်တဲ့ ရှန်ဟိုင်း ရှင်ဟွာအသင်းကနေ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်း ထံကို ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အီဂါလိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ အငှားစာချုပ် ပြည့်သွားတဲ့ ကစားသမားပါ။ မန်ယူအသင်းနဲ့ ရှန်ဟိုင်းရှင်ဟွာ အသင်းတို့ရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်အရ မေလ ၃၁ရက်နေ့ဟာ အီဂါလိုရဲ့ အငှားစာချုပ်ပြည့်တဲ့ နေ့ရက်ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် ဘောလုံးပွဲတွေကို ခေတ္တရပ်နားထားခဲ့ရာမှာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ မပြီးပြတ်သေးတာကြောင့် မန်ယူအသင်းဘက်က အီဂါလိုရဲ့ အငှားစာချုပ်ကို သက်တမ်းတိုးပေးဖို့ ရှန်ဟိုင်း ရှင်ဟွာအသင်းကို တောင်းဆိုခဲ့ပါတယ်။

Photo Credit: Express

 

ကနဦး ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရတော့ ရှန်ဟိုင်းရှင်ဟွာအသင်းဟာ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပေမယ့် နောက်ပိုင်း မှာ အီဂါလိုကိုယ်တိုင်က မန်ယူအသင်းမှာ အငှားနဲ့ ဆက်လက် ကစားခွင့်ပြုဖို့ စာရေးသားကာ တောင်းဆိုမှု ပြုလုပ်ခဲ့တာကြောင့် ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိထားရပါတယ်။ ယနေ့မနက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မန်ယူအသင်းဟာ အီဂါလိုကို လာမယ့် ၂၀၂၁ခုနှစ် ဇန်နဝါရီလ အထိ အငှားနဲ့ ခေါ်ယူထားနိုင်ဖို့ လွန်စွာ နီးစပ်​ နေပြီဖြစ်ကြောင်း သိရှိရပြီး အီဂါလိုရဲ့ အေးဂျင့် ဖြစ်သူ Anekeက အဆိုပါ သတင်းကို အတည်ပြု ပေးထားသလို နာမည်ကြီး Sky Sports သတင်းဌာနကလည်း ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Express

အီဂါလိုတစ်ယောက် မန်ယူအသင်းမှာ အချိန် ကြာမြင့်စွာ ဆက်ရှိနေမယ့်အကြောင်းကို အီဂါလိုရဲ့ အေးဂျင့်ဖြစ်သူ Anekeက ” အီဂါလိုရဲ့ အငှားစာချုပ်သစ်နဲ့ ပတ်သတ်ပြီး မန်ယူအသင်းနဲ့ ကျွန်တော်တို့ရဲ့ ကြားမှာ သဘောတူညီမှု ရဖို့ နီးစပ်နေပါပြီ။ အီဂါလိုဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ မန်ယူအသင်းမှာ ဆက်ရှိသွားမှာပါ ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ သတင်းစာတွေကလည်း အဆိုပါသတင်းကို ဖော်ပြပေးထားကြပြီး မန်ယူအသင်းမှာ ၂၀၂၁ ခုနှစ်အထိ ဆက်နေခွင့် ရဖို့အတွက် အီဂါလိုဟာ ရှန်ဟိုင်းရှင်ဟွာအသင်းရဲ့ တစ်နှစ် လုပ်ခလစာ ပေါင်၂၅သန်းနဲ့ ၃နှစ်စာချူပ် ချုပ်ဆိုမယ့် ပေါင် ၇၅သန်းတန် စာချုပ်သစ် တစ်ခုကို လက်လွှတ်ခဲ့ရတယ်လို့လည်း တရုတ်သတင်းထောက်တွေက ဆိုထားကြပါတယ်။