မန်ယူ နည်းပြ ဆိုးလ်ရှားက တရုတ်ကလပ်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ် အင်ဟာလိုဟာ အခုအပတ် ဒဏ်ရာကို ဆေးစစ်ပြီးရင် ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ပွဲဦးထွက် ပွဲစဉ် ကစားနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိ အချိန်မှာတော့ စပိန်နိုင်ငံမှာ လေ့ကျင့်ရေး ဆင်းနေကြပြီး နောက်ပတ် ဖေဖော်ဝါရီလ (၁၈) ရက်နေ့၊ တနင်္လာနေ့ည၊ အင်္ဂါနေ့ နံနက် (၂း၃၀) အချိန်မှာ ချဲလ်ဆီးအသင်းနဲ့ ကစားရမှာပါ။

Photo Credit: Goal

တရုတ်ကလပ်ကနေ မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ အင်ဟာလိုဟာ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကြောင့် အသင်းဖော်တွေနဲ့ အတူ စပိန်နိုင်ငံကို မလိုက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ အင်ဟာလိုဟာ သူ့ရဲ့ အသင်းဖော်တွေနဲ့ အတူ မရှိနိုင်တဲ့ အချိန်မှာ ဒဏ်ရာကို အကောင်းဆုံး ကုသနေပြီး နည်ပြ ဆိုးလ်ရှားကတော့ နောက်ပတ် ချဲလ်ဆီးအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အင်ဟာလို ပါဝင်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

 

Photo Credit: Goal

မန်ယူအသင်းရဲ့ တရားဝင် ဝက်ဆိုဒ်မှာ နည်းပြ ဆိုးလ်ရှားက “အင်ဟာလိုက ကျွန်တော်တို့နဲ့ အတူ လိုက်ပါလာမှာပါ။ ကျွန်တော်တို့ ဒီအပတ်မှာ သူ့ရဲ့ ကြံခိုင်မှုကို ကြည့်ဦးမှာ ဖြစ်ပါတယ်။ သူ ကြံခိုင်ပြီလို့ ကျွန်တော် ထင်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ့ကို ဖြစ်နိုင်သမျှ အမြန်ဆုံး အသုံးပြုသွားမှာပါ။ သေချာတာပေါ့။ သူက ကျွန်တော်တို့အသင်းအတွက် ကစားဖို့ အလွန်ကို စိတ်အားထက်သန်နေပါတယ်”လို့ ချဲလ်ဆီအသင်းနဲ့ ပွဲစဉ် မတိုင်ခင် ပြောကြားလိုက်ပါတယ်။