ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးကာလမှာ ဖြစ်ပေါ်ခဲ့တဲ့ အံ့အားသင့်စရာ အပြောင်းအရွှေ့တွေထဲမှာ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းရဲ့ တိုက်စစ်မှူး အီဂါလိုက ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းထံကို ပြောင်းရွှေ့လာခဲ့တဲ့ အပြောင်းအရွှေ့လဲ ပါဝင်ပါတယ်။ အသက် ၃၀အရွယ် အီဂါလိုဟာ ယူနိုက်တက် အသင်းထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယနေ့မနက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ အသင်းအတွက် ပထမဦးဆုံး သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard.com

အီဂါလိုဟာ ငယ်စဉ်ကတည်းက ယူနိုက်တက် အသင်းကို အားပေးခဲ့သူတစ်ဦးဖြစ်ပြီး ဘရုဂေးအသင်းကို ငါးဂိုးပြတ်နိုင်တဲ့ပွဲမှာတော့ မာတာရဲ့ ဖန်တီးပေးပို့မှုကနေ အသင်းအတွက် သူ့ရဲ့ ပထမဦးဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့သလို အဆိုပါသွင်းဂိုးကြောင့် သူဟာ ယူနိုက်တက် အသင်းအတွက် ဂိုးသွင်းယူနိုင်တ​ဲ့ ပထမဦးဆုံး နိုင်ဂျီးရီးယားလူမျိုးအဖြစ်လဲ မှတ်တမ်းဝင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုးကို သွင်းယူအပြီးမှာတော့ အီဂါလိုက ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ သေဆုံးသွားခဲ့တဲ့ သူ့ရဲ့အစ်မဖြစ်သူ မာရီအက်တိုးအတွက် ရည်ရွယ်ကာ အောင်ပွဲခံခဲ့ပါတယ်။ မာရီဟာ အီဂါလိုလိုပဲ ယူနိုက်တက်ရဲ့ အမာခံပရိသတ်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Standard.com

သူ့ရဲ့အစ်မဖြစ်သူ မာရီအတွက် ရည်စူးကာ အောင်ပွဲခံခဲ့မှုနဲ့ ပတ်သတ်ပြီး အီဂါလိုက ” ဟုတ်ပါတယ်။ တီရှပ်က ကျွန်တော့်ရဲ့ အစ်မကို ရည်စူးတဲ့အရာပါ။ ကျွန်တော်က ကျွန်တော့်ရဲ့ အစ်မကို ပြီးခဲ့တဲ့ဒီဇင်ဘာမှာ ဆုံးရှုံးခဲ့ရပါတယ်။ သူမက ကျွန်တော့်ကို အရမ်းချစ်သလို အမာခံ ယူနိုက်တက်ပရိသတ်ပါ။ အခု ကျွန်တော်က ယူနိုက်တက်အတွက် ကစားပေးနေပေမယ့် သူမကတော့ ဒါကို ဘယ်တော့မှမြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ ဒီခံစားချက်က ကျွန်တော့်ကို အရမ်း ဝမ်းနည်းစေပါတယ်။ အခုကစပြီးတော့ ကျွန်တော်သွင်းသမျှ ဂိုးတိုင်းက သူမကို ရည်စူးပါတယ် ” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။