တိုက်စစ်မှူး အီဟာလိုကတော့ ယနေ့ည ကစားရမယ့် အဲဗာတန်အသင်းနဲ့ ပွဲစဉ် မတိုင်ခင်မှာ မန်ယူအသင်းက ထပ်ကမ်းလှမ်းလာအောင် အစွမ်းကုန် ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။ နိုင်ဂျီးရီးယား တိုက်စစ်မှူး အီဟာလိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၃၁) ရက်နေ့က တရုတ်ကလပ် ရှန်ဟိုင်းအသင်းကနေ မန်ယူအသင်းကို လက်ရှိရာသီကုန်အထိ အငှားနဲ့ ပြောင်းလာခဲ့ပါတယ်။ အီဟာလိုဟာ လက်ရှိရာသီ မကုန်ခင်မှာ မန်ယူအသင်းရဲ့ နောက်ထပ် ကမ်းလှမ်းမှုကို မခံရပါက တရုတ်ကလပ်ကို ပြန်သွားရမှာ ဖြစ်ပြီး နောက်ထပ် ကမ်းလှမ်းလာမှာကို လိုချင်နေပါတယ်။

Photo Credit: Gettyimage

အီဟာလိုဟာ လက်ရှိမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၄) ပွဲ ကစာပြီခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲ နဲ့ ယူရိုပါလိဂ် ပွဲစဉ် (၂) ပွဲ ကစားထားရာမှာ (၁) ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အီဟာလိုဟာ ယူရိုပါလိဂ် (၃၂) သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ဘရုဂေး အသင်းကို (၅-ဝ) ရလဒ်နဲ့ အနိုင်ရခဲ့စဉ်က မန်ယူအသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ရက်ချ်ဖို့ဒ် နဲ့ မာရှယ်က ကြံခိုင်မှု မပြည့်သေးကြတာကြောင့် အီဟာလိုအနေနဲ့ ယနေ့ည (၈း၃၀) အချိန်၊ အဲဗာတန်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်မှာ ပွဲထွက် ကစားလာဖွယ် ရှိပြီး အစွမ်းကုန် ကြိုးစားနေပါတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Gettyimage

အီဟာလိုက “သေချာတာပါ။ နောက်ထပ် ကမ်းလှမ်းခံရဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ ဒါက ကျွန်တော့် အိပ်မက် နဲ့ ငယ်ငယ်ကတည်းက ကျွန်တော် မက်ခဲ့တဲ့ အိပ်မက်ပါ။ အခု ကျွန်တော့် လက်ထဲမှာ ရှိနေပြီ ဖြစ်တော့ ကျွန်တော် ဒါအတွက် တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော် ထပ်ပြီး ကမ်းလှမ်းခံရဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ်။ ကျွန်တော် လေ့ကျင့်ရေး ဆင်းတဲ့ အချိန်တိုင်း တကယ် ကြိုးစားပြီး အဆင့်တစ်ခု ရောက်ဖို့ လေ့ကျင့်ခန်း ပိုလုပ်ပါတယ်။ ကျွန်တော် ကစားရဖို့ အခေါ်ခံရတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ အကောင်းဆုံးနဲ့ ဆေးဆပ်မှာပါ”လို့ ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ယူရိုပါလိဂ် (၁၆) သင်းအဆင့်ကို တက်လှမ်းသွားပြီ ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ရမှတ် (၄၁) မှတ်နဲ့ အဆင့် (၄) နေရာမှာ ရပ်တည်နေလျက် ရှိတာ ဖြစ်ပါတယ်။