တရုတ်စူပါလိဂ် အသင်းတစ်သင်းဖြစ်တဲ့ ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုကတော့ မန်ယူအသင်းရဲ့ ရွှေရောင်နေ့များဟာ မကြာခင်မှာပဲ ရောက်ရှိလာတော့မယ် လို့ ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။ အီဂါလိုဟာ ငယ်စဉ်ကတည်းက မန်ယူအသင်းကို အားပေးခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ ကာလမှာ မန်ယူအသင်းထံကို ကွင်းလယ်လူ သစ် ဘရူနိုဖာနန်ဒက်နဲ့အတူ ရောက်ရှိလာခဲ့သူ ဖြစ်ကာ အီဂါလိုက ဖာနန်ဒက်ဟာ ပေါ့ဘာနဲ့ ပေါင်းစပ်ကာ မန်ယူအသင်းရဲ့ အောင်ပွဲတွေကို ရယူပေးနိုင်မယ့်သူ ဖြစ်တယ်လို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Express.com

အသက်၃၀အရွယ် အီဂါလိုဟာ မန်ယူအသင်း ထံကို ရာသီဝက်အငှားနဲ့သာ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပေမယ့် သူရဲ့ကစားပုံတွေ ၊ ဘောလုံးစကေးကောင်းမွန်မှုတွေ ၊ အသင်းကို အားပေးမှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ မန်ယူအသင်းကို အားပေးတဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိခဲ့သူပါ။ အီဂါလိုဟာ ဇွန်လမှာပဲ မန်ယူအသင်းနဲ့ ရှန်ဟိုင်းရှင်ဟွာအသင်းတို့ ကြားထဲက အငှားစာချုပ် ပြည့်ဖို့ရှိနေပြီး လက်ရှိ အချိန်အထိ မန်ယူအသင်းက သူ့ကိုစာချုပ်သစ် မကမ်းလှမ်းသေးသလို မန်ယူအသင်းမှာ ဆက်ရှိဖို့ကလည်း မရေရာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် အီဂါလိုက မန်ယူအသင်းရဲ့ အနာဂတ်ဟာ​ အလွန်ကောင်းမွန်တော့မှာ ဖြစ်ကြောင်းနဲ့ လက်ရှိဘောလုံးရာသီမှာ ဒဏ်ရာပြဿနာများစွာနဲ့ ရင်ဆိုင်နေရတာကြောင့် အနားယူနေရတဲ့ ပေါ့ဘာနဲ့ ဖာနန်ဒက်သာ ပူးပေါင်းကစားရင် မန်ယူအသင်းကို ဘယ်အသင်းကမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ ဆိုသွားခဲ့ပါတယ်။

Photo Credit: Express.com

ပေါ့ဘာနဲ့ ဖာနန်ဒက်ရဲ့ အတွဲအဖက်အပေါ် အီဂါလိုက ” ပေါ့ဘာဟာ သူ့ရဲ့ကြံ့ခိုင်မှု ပြန်ပြီး ပြည့်ဝလာဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်။ ခင်ဗျားတို့တွေ ပေါ့ဘာနဲ့ ဖာနန်ဒက်ရဲ့ အတွဲအဖက်ကို မြင်ယောင်ကြည့်ကြပါ။ အရင် က မန်ယူအသင်းနဲ့ မတူညီတဲ့ အသင်းတစ်သင်း ကို ခင်ဗျားတို့ မြင်လာရမှာပါ။ ရက်ဖို့ဒ်ကလည်း ဒဏ်ရာကနေ ပြန်လည် သက်သာလာပါပြီ။ တစ်ပတ်ပြီး တစ်ပတ် နိုင်ပွဲဆက်မယ့် မန်ယူ အသင်းကို ခင်ဗျားတို့ တွေ့လာရမှာပါ။ မန်ယူ အသင်းရဲ့ ရွှေရောင်အချိန်တွေဟာ ပြန်လည် ရောက်ရှိလာတော့မှာပါ။ ပေါ့ဘာဟာ အရမ်းကို ထူးခြားတဲ့ ကစားသမားတစ်ဦးပါ။ သူနဲ့အတူ တွဲကစားရတာဟာလည်း တော်တော်လေး ကောင်းမွန်မယ့် ကိစ္စရပ်ပါ ” လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။