မန်ယူ နောက်ခံ ကစားသမားဟောင်း ဖာဒီနန်ကတော့ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ တိုက်စစ်မှူး အီဟာလိုကို အပြီးသတ် စာချုပ် ချုပ်ဆိုသင့်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူ နည်းပြ ဆိုးလ်ရှားဟာ တိုက်စစ်မှူး ရက်ချ်ဖို့ဒ် ဒဏ်ရာရနေခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ တိုက်စစ်မှူးအသစ် တစ်ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မန်ယူ နည်းပြ ဆိုးလ်ရှားဟာ အပြောင်းအရွေ့ ဈေးကွက် ပိတ်ရက်နေ့မှာ တရုတ် အခြေစိုက် ရှန်ဟိုင်း တိုက်စစ်မှူး အီဟာလိုကို (၆) လကြာ အငှား စာချုပ်နဲ့ ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။

Photo Credit: Goal

အီဟာလိုဟာ အရင်က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဝက်ဖို့ဒ်အသင်းအတွက် (၂၀၁၅) ခုနှစ်ကနေ (၂၀၁၇) ခုနှစ်အထိ ကစားခဲ့ပြီး မန်ယူအသင်းကို ရောက်လာတဲ့ အချိန်မှာ ခြေစွမ်းပြခဲ့ပါတယ်။ မန်ယူ တိုက်စစ်မှူး အီဟာလိုဟာ မန်ယူအသင်းအတွက် ပွဲထွက် ကစားခဲ့တဲ့ ပထမဆုံး ပွဲစဉ် (၃) ပွဲမှာ ခြေစွမ်းပြခဲ့တာကြောင့် သွင်းဂိုး (၄) ဂိုးအထိတောင် သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူ နောက်ခံ ကစားသမားဟောင်း ဖာဒီနန်ကတော့ မန်ယူအသင်းအနေနဲ့ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အီဟာလိုကို အငှား စာချုပ်ကနေ အပြီးသတ် စာချုပ် ချုပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဖာဒီနန်က “ဝိုး (၈) ပွဲမှာ (၃) ပွဲကို ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး သွင်းဂိုး (၄) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ခဲ့တယ်။ အီဟာလို မန်ယူအသင်းက သူ့ကို စာချုပ် ချုပ်ပြီလား။ အပြင် လူတွေက ဘာလို့ သူ့ကို စာချုပ် ချုပ်တာလဲ။ ဘာဖြစ်နေတာလဲ။ ဆိုးလ်ရှားအနေနဲ့ ဘာကို တွေးနေမလဲလို့ ပြောကြမှာပါ။ ကျွန်တော်လည်း သူတို့တွေထဲက တစ်ဦးပါ။ ဒါကို ဝန်ခံတယ်။ သူ လုပ်ခဲ့တာတွေကို မြင်ရပြီး ကျွန်တော် အံ့အားသင့်ခဲ့ပါတယ်။ သူက မန်ယူအသင်းကို ကမ္ဘာ့ အသင်းကြီးအဖြစ် ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း မန်ယူအသင်းက တစ်ခုခု လိုအပ်နေခဲ့ပြီး သူက အဲဒါကို ယူလာပြီး ပေးခဲ့တယ်။ သူက အမြဲတမ်း ကစားသမား ဖြစ်လာဖို့ အခွင့်အရေး ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ အင်စတာဂရမ်မှာ ပြောပြသွားပါတယ်။