မန်ချက်စတာယူနိုက်တက်အသင်းက အသင်းရဲ့သမိုင်းတလျှောက်မှာ ကစားသမားတွေကို အငှားနဲ့ခေါ်ယူခဲ့ခြင်းက အတော်လေးကို ရှားပါးခဲ့ပြီး ယူနိုက်တက်ကနေသာ ကစားသမားတွေများစွာကို အသင်းပေါင်းစုံစီ အငှားချခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၆-၂၀၀၇ ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်း လိုအပ်ချက်ကြောင့် ဝါရင့်ဆွီဒင်တိုက်စစ်မှူးကြီး ဟင်းနရစ်လာဆင်ကို ကာလတိုအငှားစာချုပ်နဲ့ ခေါ်ယူခဲ့ရပြီး လာဆင်ကလည်း သူပါဝင်ကစားခဲဲ့ရတဲ့ အချိန်တိုလေးအတွင်းမှာပဲ ယူနိုက်တက်အတွက် အထိုက်အလျောက် ခြေစွမ်းပြကစားပေးခဲ့ကာ တာဝန်ကျေပွန်နိုင်ခဲ့ပါတယ်။

Photo Credit : Planet Football

၂၀၀၆ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ယူနိုက်တက်အသင်းက အသင်းရဲ့တိုက်စစ်ပိုင်းမှာ အလန်စမစ်နဲ့ ဆိုးလ်ရှားတို့ ဒဏ်ရာပြသာနာနဲဲ့ ရင်ဆိုင်နေရပြီး ဆာဟာနဲ့ရူနီတို့နှစ်ယောက်ပဲ တိုက်စစ်မှာ ပါဝင်ကစားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ ယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က အသက်၃၅နှစ်အရွှယ်ရှိနေပြီဖြစ်တဲ့ ဆွီဒင်ဂန္တဝင်ကစားသမားကြီး ဟင်းနရစ်လာဆင်ကို ၃လအငှားစာချုပ်နဲ့ ခေါ်ယူဖြစ်ခဲ့ပါတယ်။ လာဆင်ဟာ ယူနိုက်တက်နဲ့ ပွဲထွက်ကစားခဲ့ရတဲ့ ပွဲစဉ်မှာပဲ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၁၃ပွဲအထိ ပါဝင်ကစားသွားခဲ့ကာ သွင်းဂိုး၃ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Manutd.com

ဒီဂိုးပမာဏက နည်းပါးလွန်းတယ်လို့ ကောက်ချက်ချနိုင်ပေမယ့် သူ့လို ၃၅နှစ်အရွှယ် ကစားသမားတစ်ယောက်အတွက်က ဒီပမာဏဟာ နည်းလွန်းတယ်လို့ မဆိုသာသလို အသင်းနဲ့ ကာလတိုလေးပဲ ပူးပေါင်းရချိန်မှာ ဒီလောက်ထိ စွမ်းဆောင်နိုင်ခဲဲ့တာက အသိအမှတ်ပြုချင်စရာပါ။ အခုတော့ ယူနိုက်တက်အသင်းဟာ ၂၀၀၇တုန်းကလို တိုက်စစ်ပိုင်းအခက်အခဲ ကြုံနေရချိန်နဲ့ ရင်ဆိုင်နေရတာမို့ နိုင်ဂျီရီးယား တိုက်စစ်ကစားသမား အီဂါလိုကို ရှန်ဟိုင်းရှန်ဟွာအသင်းကနေ ရာသီကုန်အထိ အငှားနဲ့ခေါ်ယူဖြစ်ခဲ့ပါတယ်။ အီဂါလိုရဲ့ဘောလုံးသမားဘဝ ဖြတ်သန်းမှုကတော့ လာဆင်လောက် ကြီးကျယ်ခမ်းနားခဲ့ခြင်းမရှိပေမယ့်လည်း အသက်အရွှယ်အားဖြင့် ၃၀သာရှိနေသေးသလို ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသူဖြစ်တာမို့ ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်း ကွက်လပ်ကို ဖြည့်တင်းပေးနိုင်ဖွယ်ရှိနေပါတယ်။ ဒီနေ့ညမှာ ကစားသွားမယ့် ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စတင်ပါဝင်လာဖို့ရှိနေတဲ့ အီဂါလိုဟာ အခုလို ယူနိုက်တက်မှာ အငှားကစားသမားဘဝနဲဲ့ လာရောက်နေတုန်း လာဆင်လိုမျိုး အသင်းရဲ့ကွက်လပ်ကို ရေတိုလေးအတွင်းမှာပဲ ဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်လို့သွားရမှာပါ။