မန်ချက်စတာယူနိုက်တက်အသင်းထံကို အပြောင်းအရွှေ့ရဲ့ နောက်ဆုံးအချိန်ရောက်မှ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အစ်ဟာလိုဟာ ယူနိုက်တက် အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ယူနိုက်တက်အသင်းအတွက် ကစားပေးမယ့် နိုင်ဂျီးရီးယားသားအဖြစ် မှတ်တမ်း ဝင်တော့မယ်လို့ သိရပါတယ်။

Photo Credit: Standard.com

အသက် ၃၀အရွယ် ရှိနေပြီဖြစ်တဲ့ အစ်ဟာလိုဟာ တရုတ်စူပါလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ရှန်ဟိုင်းရှင်ဟွာအသင်းမှာ ကစားနေသူဖြစ်ပြီး ယူနိုက်တက်အသင်းထံကို အငှားကြေး ပေါင် ၃ သန်းနဲ့ ရာသီဝက်အငှား ပြောင်းရွှေ့ခဲ့တာ ဖြစ်ကာ အကယ်၍ ယူနိုက်တက်အသင်းကသာ သူ့ရဲ့ခြေစွမ်းကို နှစ်သက်လို့ အပြီးသတ်ခေါ်ယူလိုပါက ခေါ်ယူခွင့်ကိုလည်း နှုတ်ကတိနဲ့ အသင်းနှစ်သင်းကြားမှာ သဘောတူညီမှု ယူထားတယ်လို့လည်း သိရပါတယ်။

Photo Credit: Standard.com

အင်္ဂလန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ အစ်ဟာလိုဟာ ယူနိုက်တက်အသင်းကို မပြောင်းရွှေ့မီမှာ စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ယူနိုက်တက်အသင်းဟာ သူ့ရဲ့ ငယ်ဘဝ အိမ်မက်အသင်းဖြစ်တာကြောင့် စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပြီး ယူနိုက်တက်အသင်းထံကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Standard.com

အစ်ဟာလိုကို ခေါ်ယူခဲ့မှုနဲ့ပတ်သတ်ပြီး နည်းပြဆိုးလ်ရှားက ” အစ်ဟာလိုဟာ အတွေ့အကြုံရှိတဲ့ တိုက်စစ်မှူးတစ်ဦးပါ။ ကျွန်တော်တို့ဟာ အချိန်တိုပဲရှိရမှာဆိုပေမယ့် သူ့ဟာ မတူညီတဲ့ ရွေးချယ်စရာတစ်ခုအနေနဲ့ တိုက်စစ်ပိုင်းမှာ ရှိနေမှာပဲ ဖြစ်ပါတယ်။ အစ်ဟာလိုက စိတ်ရင်းကောင်းတဲ့ ကစားသမားဖြစ်ပြီး ပရိုဆန်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အတူရှိနေတဲ့အချိန်မှာ သူက ကျိန်းသေပေါက် ပျော်ရွှင်ရမှာပါ ” လို့ ဖွင့်ဟထားပါတယ်။